ရေဖြူ၊ ဇွန် ၁၈

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ပယကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ် တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

ကံပေါက်ဒေသ ပယကျေးရွာရှိ ရွှေမိုးညိုဘုရားအနီးမှာ စခန်းချပြီး ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား အချိန်မိနစ်အနည်းငယ်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ရေဖြူမြို့နယ် အုန်းပင်ကွင်းအခြေစိုက် မောရဝတီရေတပ်ဌာနချုပ်စခန်းက လက်နက်ကြီး အဆက်မပြတ်ပစ်ကူပေးခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် TPLF သာဂရစစ်ကြောင်း၊ ဒေါနတပ်ရင်း တပ်ခွဲ – ၆ (ဝေဟင်)၊ တပ်ခွဲ-၇ (LPF)၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ ရွှေဘီးလုံးအဖွဲ့တို့က ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၄ ရက်နေ့ကလည်း ရေဖြူမြို့နယ် ကံပေါက်ဒေသ ပယကျေးရွာရှိ စစ်ကောင်စီရဲ့ ရှားကုန်းစစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရေဖြူပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.