ဘားအံ၊ ဇွန် ၁၈

ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ဖျံရွာနားမှာရှိတဲ့ ဝင်ရောက်တပ်စွဲနေထိုင်တဲ့ ခွဲထွက် DKBA ဂိတ်ကို KNLA တပ်ရင်း ၁ တပ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့ပြီး ခွဲထွက် DKBA တပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

ကော့ဖျံရွာအနီး ကျေးရွာချင်းဆက်လမ်းပေါ်မှာ ဝင်ရောက်နေရာယူတပ်စွဲလာတဲ့ ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA ဂိတ်ကို ပြီးခဲ့တဲ့ဇွန် ၁၅ ရက်နေ့ မနက်အစောပိုင်းမှာ အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁ တပ်ရင်း ၁ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

KNLA တပ်မဟာ ၁ တပ်ရင်း ၁ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကော့ဖျံရွာအနီး လမ်းမပေါ်က ဂိတ်မှာရှိနေတဲ့ ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA တပ်သား တစ်ဦး သေဆုံးသွားခဲ့ပြီး နှစ်ဦးကတော့ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။

ဗိုလ်ဘိဦးစီးခေါင်းဆောင်တဲ့ ခွဲထွက် DKBA ဟာ အရင်က စစ်တပ်ကို တော်လှန်တိုက်ခိုက်နေပေမယ့် စစ်အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့ ပြန်လည်အပစ်ရပ်ပြီးခဲ့တဲ့နောက် ကြာအင်းပေါ်တော်မူဆရာတော်ရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ KNU တပ်မဟာ ၁ နယ်မြေ ဘားအံမြို့နယ် ကျောက်တလုံးကျေးရွာအုပ်စုအတွင်းရှိ ကြာအင်းပေါ်တော်မူဒေသဆီမှာ ပြန်လည်နေထိုင်လာခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA အဖွဲ့ဟာ ဒေသတွင်းမှာ တပ်စခန်းတွေ၊ ဂိတ်စခန်းတွေကို တိုးချဲ့ဆောက်လုပ်လာနေသလို စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းလိုက်ပြီးတဲ့နောက်ပိုင်းမှာလည်း ခွဲထွက် DKBA အဖွဲ့ထံ လူငယ်တွေအများအပြား ဝင်ရောက်လာနေတယ်လို့ သိရပါတယ်။

အခုလို ခွဲထွက် DKBA အဖွဲ့က တပ်စခန်းနဲ့ ဂိတ်စခန်းတွေ တိုးချဲ့ဆောက်လုပ်နေတဲ့အတွက် KNU တပ်မဟာ ၁ က လာရောက်ပစ်ခတ်ခဲ့တဲ့ဖြစ်ရပ်တွေ မကြာခဏရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA ဟာ KNU တပ်မဟာ ၁ နယ်မြေထဲသာမက KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်အတွင်းမှာလည်း ဂိတ်စခန်းတွေလာရောက်ဖွင့်လှစ်တပ်စွဲထားသလို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး စစ်ရေးလုပ်ဆောင်မှုတွေ ရှိနေတာဖြစ်ပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ဆင်ရေးမှာ ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA အဖွဲ့က စစ်ကောင်စီကို ပါဝင်ကူညီလုပ်ဆောင်ပေးနေသလို လက်ရှိ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ကော့ကရိတ်-ကျုံဒိုး ကားလမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်ကို စစ်ရေးအရ ကူညီပေးတာတွေ လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – DKBA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.