မကွေး နိုဝင်ဘာ ၁၁

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ထိခိုက်မှုတွေရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်မှာ စစ်ကောင်စီအင်အား ၅၀ ဝန်းကျင်ဟာ မဲဇလီရဲစခန်းကို ရောက်လာပြီး ပုသိမ်-မုံရွာလမ်း အနောက်ဘက်ကရွာတွေကို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“အခြေအနေက တော်တော်ဆိုးပါတယ်။ နေ့ကော ညကောလက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ကျွန်မတို့လည်း ဘယ်လိုနေရမယ်မှန်းကို မသိတော့ဘူး။ လောလောဆယ် လုံခြုံမယ်ထင်တဲ့ နေရာမှာပဲ ဝပ်နေရတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျွဲခြံရွာ၊ လယ်မရွာ အပါအဝင် ပုသိမ်-မုံရွာ လမ်းတလျှောက်ကရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၁ ဦးဒဏ်ရာရခဲ့ပြီး ဒရုန်းတွေနဲ့တိုက်ခိုက်မှုမှာတော့ ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံတွေဟာ နိုဝင်ဘာ ၁၁ ရက်နေ့အထိ ပုသိမ်-မုံရွာလမ်းဘေးတဝိုက်မှာ ကင်းပုန်းဝပ်တာ၊ အင်အားဖြည့်တင်းတာနဲ့ ကတုတ်ကျင်းတူး၊ ဘန်ကာ တည်ဆောက်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မဲဇလီကျေးရွာကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဝါစိုက်ပျိုးရေးတပ်၊ ၂၅၄၊၂၅၅ တပ်က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအများစု ဖြစ်တယ်လို့ သိရပါတယ်။

မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းကတော့ နိုဝင်ဘာ ၉ ရက်ကစလို့ ပုသိမ်မုံရွာလမ်းတလျှောက်ရှိ သုံးမိုင်ပေါက်၊ ငါးမိုင်ပေါက်နဲ့ ဝန်လို၊ ခိုနန်းရွာနားက လမ်းပိုင်းတွေကို အသုံးမပြုကြဖို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ပုံစာ – မင်းဘူးခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ – မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.