မော်လမြိုင်၊ နိုဝင်ဘာ ၁၁
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်း ရဲနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦး အလင်းဝင်လာတယ်လို့ NUG က နိုဝင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သူတို့တွေဟာ NUG ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း၊ ပကဖတွေ ထံမှာ ဆက်သွယ် အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။
အလင်းဝင်လာတဲ့သူတွေထဲမှာ စစ်ကောင်စီရဲ့ အရာရှိအဆင့် ဗိုလ်ကြီး လေးဦး၊ ရဲအုပ် နှစ်ဦး အပါအဝင် စုစုပေါင်း တပ်သားနဲ့ ရဲ ၄၉ ဦးဟာ အာဏာသိမ်း စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက် ရပ်တည်ကူးပြောင်းလာတယ်လို့ ဆိုပါတယ်။
ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေ ယူဆောင်လာတဲ့ လက်နက်မျိုးစုံ ၁၇ လက်နဲ့ ခဲယမ်းမီးကျောက်တွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူတွေ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ ရဲနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေထံ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း စစ်ကောင်စီရဲ့ ဒုတိယ ဗိုလ်မှူးကြီး သုံးဦး အပါအဝင် အရာရှိ တပ်သားနဲ့ ရဲ ၄၁ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG

