ရေဖြူ၊ နိုဝင်ဘာ ၁၂

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းရှိ ဒေသခံနှစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ကစပြီး အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ လောင်းလုံးမြို့ နယ် ပန်းတင်အင်းကျေးရွာကို ဖြတ်ကျော်လာပြီး ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသထဲ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။

နဘုလယ်ဒေသထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၉ ရက်နေ့မှာတော့ မူးဒူးကျေးရွာက အသက် ၅၀ ဝန်းကျင်ဒေသခံ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို လူးသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒ့ါအပြင် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် နဘုလယ်၊ လဲရှောင်၊ ပရဒတ်နဲ့ မူးဒူးစတဲ့ ကျေးရွာလေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံတွေဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေမှာ တိမ်း ရှောင်နေရတာကြောင့် စားနပ်ရိက္ခာနဲ့ နေထိုင်ရေးတွေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၅ ရက်နေ့ကတည်းက မောင်းမကန်နယ်မြေရဲစခန်းကို ရောက်ရှိနေတာဖြစ်ပြီး အဲဒီနောက် ရေဖြူမြို့နယ် နဘုလယ်ဒေသထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.