ကျိုက်ထို၊ နိုဝင်ဘာ ၁၂
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အသက်မပြည့်သေးတဲ့ လူငယ်နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
အဲဒီလူငယ်နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲ့ အပတ်စဉ် ၁ သင်တန်းဆင်းထားသူတွေ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့အရေးယူသွားမယ်လို့ ဆိုပါတယ်။
PDF စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်နှစ်ဦးဟာ ပဲခူးတိုင်း ရွှေကျင်မြို့နယ်ဇလုပ်ကြီးကျေး ရွာနေ အသက် ၁၅ နှစ်အရွယ် မောင်ခန့်ကိုဇင်နဲ့ အသက် ၁၆ နှစ်ရွယ် မောင်ထက်အာကာဖြိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက အသက်မပြည့်သေးတဲ့ လူငယ်တွေကို သင်တန်းပေးတာမရှိသလို အခုဖြစ်စဉ်ဟာ အမှုဆင်ဖမ်းဆီးမှု ဖြစ်နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လမ်းသွားလမ်းလာ ပြည်သူတွေကို PDF စွပ်စွဲချက်နဲ့ မကြာခဏဖမ်းဆီးလေ့ရှိပြီး ငွေမပေးနိုင်တဲ့သူတွေကို PDF ခေါင်းစဉ်တပ်ပြီး အကြမ်းဖက်ပုဒ်မနဲ့အမှုဖွင့်အရေးယူတာတွေ ရှိနေပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အစီရင်ခံစာအရ အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ အမျိုးမျိုးပြဖမ်းဆီးမှုကြောင့် လူပေါင်း ၂၇၀၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SBM

