ဝါရှင်တန် ၊ နိုဝင်ဘာ ၁၀
လွှတ်တော် နှစ်ရပ်စလုံးကို ဒီမိုကရက်တို့ ထိန်းချုပ်ခွင့် ရရှိခဲ့တဲ့ သက်တမ်းဝက် ရွေးကောက်ပွဲ ရလဒ်တွေကို ကနဦး လက်ခံခဲ့ပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ရွေးကောက်ပွဲ လိမ်လည်မှု ရှိကြောင်း နိုဝင်ဘာ ၉ ရက်မှာအခြေအမြစ် မရှိ စွပ်စွဲလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က သက်တမ်းဝက် ရွေးကောက်ပွဲမှာ သူ့ရဲ့ ရီပက်ဘလေကန် ပါတီ အပြတ်အသတ် ရှုံးနိမ့်ကြောင်း ထရန့်က ကနဦးမှာ လက်ခံခဲ့ပါတယ်။
“ဒီရွေးကောက်ပွဲ ရိုးသားမှု ရှိခဲ့တယ်လို့ ဘယ်သူများ အမှန်တကယ် ယုံကြည်ကြလဲ။ ရွေးကောက်ပွဲတွေ ဘယ်လို အရမ်းကြီး မှားသွားနိုင်သလဲ” လို့ ထရန့်က လူမှုမီဒီယာပေါ်မှာ ရေးသားထားပြီး ဘယ်လိုအမှားရှိတယ်ဆိုတာ အထောက်အထား ဖော်ပြမထားပါဘူး။
အားလုံးဟာ စက်တွေနဲ့ ဆိုင်ပြီး မဲပေးသူထက် စက်တွေက အများကြီး ပိုအရေးကြီးတယ်လို့လည်း ထရန့်က ရေးသားထားပါတယ်။
ထရန့်ရဲ့ ပါတီကို အမေရိကန်နိုင်ငံသား အများစုက ငြင်းပယ်ခဲ့ပြီးနောက် ၆ ရက် အကြာမှာ ထရန့်က ထူးထူးခြားခြား ပြောင်းပြန် စကားဆိုလာတာ ဖြစ်ပါတယ်။
ကနဦးမှာ ထရန့်က ပုံမှန်မဟုတ်တဲ့ အေးအေးဆေးဆေး လေသံနဲ့ သူ့ပြိုင်ဖက်တွေကို ချီးကျူးခဲ့ပြီး သူတို့ အနေနဲ့ အောင်မြင်တဲ့ မဲဆွယ်မှု တိုက်ပွဲဝင်နိုင်ခဲ့တယ်ဆိုတာကို အသိအမှတ်ပြုခဲ့ပါတယ်။
ရွေးကောက်ပွဲရလဒ်တွေကို လက်ခံဖို့ လုံးဝ ဆန္ဒရှိကြောင်း၊ သူ့အနေနဲ့ ဒီမိုကရက်တို့နဲ့ လက်တွဲ အလုပ်လုပ်ဖို့ မျှော်လင့်ထားကြောင်း ထရန့်က ရွေးကောက်ပွဲနေ့ညက New York Times သတင်းဌာနကို ပြောခဲ့ပါတယ်။
ဒီမိုကရက်တို့ရဲ့ မဲဆွယ်ပုံကိုလည်း သူက ချီးကျူးခဲ့ပြီး ဒီမိုကရက်တို့ ကြီးကျယ်တဲ့ အလုပ်တစ်ခုကို လုပ်ခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။
ထရန့်က ၂၀၂၀ သမ္မတ ရွေးကောက်ပွဲကို ဂျိုး ဘိုက်ဒန်က သူ့ဆီကနေ ခိုးယူသွားတာ ဖြစ်တယ်လို့ အခြေအမြစ် ပြောကြားခဲ့ပြီး ယခု တစ်ဖန် ရွေးကောက်ပွဲ လိမ်လည်မှုရှိကြောင်း ပဲ့တင်ထပ်သလို ပြောဆိုတာ ဖြစ်ပါတယ်။
အဲဒီအချိန်က သူဟာ အရှုံးကို လက်ခံဖို့ ငြင်းဆန်တာကြောင့် ဥပဒေဆိုင်ရာ စိန်ခေါ်မှုတွေ အများကြီး ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အဲဒီ အခြေအနေကနေ သူ့ကို ထောက်ခံသူတွေကို အမေရိကန် လွှတ်တော်ကို ၂၀၂၁ ဇန်နဝါရီ ၆ ရက်မှာ တိုက်ခိုက်ခဲ့ကြပါတယ်။
ထရန့်ရဲ့ နောက်ဆုံး စွပ်စွဲချက်တွေကို ဒီမိုကရက်တို့က ဒေါသတကြီး တုံ့ပြန်ထားကြပါတယ်။
ထရန့်က သူပြောတဲ့ ရွေးကောက်ပွဲ မူမမှန်မှုတွေ ရှိတယ်ဆိုတာအတွက် အထောက်အထား ဖော်ပြမထားသလို မဲစာရွက်တွေ တလွဲရေတွက်ခဲ့တယ်ဆိုတဲ့ မဲရေတွက်စက်တွေကိုလည်း ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။
နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲ အရာရှိတွေကတော့ အများကြီး ပြဿနာကင်းတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့တယ်လို့ ပြောဆိုထား ပါတယ်။
ရီပက်ဘလေကန် သမ္မတက သူ့ပါတီ ရွေးကောက်ပွဲ ရှုံးရတာဟာ ရွေးကောက်ပွဲမှာ သူမပါတာကြောင့် ဖြစ်တယ်လို့ ပြောထားပြီး မဲဆွယ်ကာလက သူဝင်ပြိုင်နေသလို သဘောထားပြီး မဲထည့်ကြဖို့ ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။
Ref:AFP

