စူပါမားကတ်တွေရဲ့ ရေခဲသေတ္တာ ကွန်ပြူတာကွန်ရက်ချိုးဖောက်မှု အီရန် လက်ချက်လို့ ပြင်သစ် စွပ်စွဲ

ပါရီ၊ နိုဝင်ဘာ ၁၀

ပြီးခဲ့တဲ့လက နိုင်ငံတစ်ဝန်းရှိ စူပါမားကတ်တွေရဲ့ ရေခဲသေတ္တာတွေနဲ့ အအေးခန်းသေတ္တာတွေရဲ့ အပူချိန် မြင့်တက်စေခဲ့တဲ့ ဆိုက်ဘာ တိုက်ခိုက်မှု နောက်ကွယ်မှာ အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့် ကော်ပိုရေးရှင်း (IRGC) ပါဝင်နေတယ်လို့ ပြင်သစ်က စွပ်စွဲလိုက်ပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာ အတိုင်းအတာအရရော ရန်လိုမှုအဆင့်အရပါ မကြုံစဖူး တိုက်ခိုက်မှု ဖြစ်ကြောင်းနဲ့ တိုက်ခိုက်သူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ယန် နိုအယ် ဘာရော့က ပြောပါတယ်။

အီရန်က တရားဝင် မတုံ့ပြန်ရသေးပေမယ့် အီရန် မီဒီယာ တချို့က ပြင်သစ်ရဲ့စွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေ ဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။

တခြား ဥရောပနိုင်ငံ တချို့ရှိ စူပါမားကတ်တွေ အလားတူ တိုက်ခိုက်ခံရပြီးနောက် ပြင်သစ်နိုင်ငံ တိုက်ခိုက်ခံရမှုကြောင့် အေးခဲထားတဲ့ အစားအစာ တန်ပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။

အဲဒီ တိုက်ခိုက်မှု နှစ်ခု ဆက်စပ်မှု ရှိသလား ဆိုတာကိုတော့ မသိရပါဘူး။

ပြင်သစ် စူပါမားကတ်တွေကို တိုက်ခိုက်တာဟာ မိမိတို့ နိုင်ငံတော် နယ်နိမိတ်ကို အဖျက်အမှောင့် လုပ်ဖို့ ရည်ရွယ်ပြီး ပထမဆုံး ကြီးမားတဲ့ အတိုင်းအတာနဲ့ ဆိုက်ဘာ တိုက်ခိုက်မှု ဖြစ်တယ်လို့ ဝန်ကြီး ဘာရော့က ပြောပါတယ်။

ဒါက ပြင်သစ် ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ နိုင်ငံတော် အကျိုးစီးပွားတွေကို ကြီးမားတဲ့ တိုက်ခိုက်မှု တစ်ခု ဖြစ်တယ်လို့ မှတ်ယူနိုင်ကြောင်း သူက ဖြည့်စွက် ပြောဆိုပါတယ်။

ဒီလို ရဲတင်းလွန်းတဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း အစိုးရက အီရန် သံအမတ်ကို ပါရီမြို့သို့ ဆင့်ခေါ်ခဲ့ကြောင်းလည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အဲဒီ ဖြစ်ရပ်ကို တုန့်ပြန်ဖို့ တခြားလိုအပ်တဲ့ သင့်တော်တဲ့ အစီအစဉ်မှန်သမျှ ပြုလုပ်သွားမှာ ဖြစ်ပြီး ထပ်ပြီး ကျူးလွန်ဖို့ ကြိုးပမ်းသူတွေကို တားဆီးဖို့ အစိုးရက ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သူက ဖြည့်စွက် ပြောဆိုပါတယ်။

IRGC ရဲ့ လက်တွဲဖော်အဖွဲ့ ဖြစ်တဲ့ ဆိုက်ဘာ တိုက်ခိုက်ရေး အဖွဲ့ခေါင်းဆောင်၊ သူ့ရဲ့ လက်ထောက် နှစ်ဦးတို့ကို စုံစမ်းစစ်ဆေးနေတယ်လို့ ပါရီမြို့ အစိုးရ ရှေ့နေက ပြောပါတယ်။

အဲဒီ ဆိုက်ဘာ တိုက်ခိုက်ရေး အဖွဲ့ဟာ Shahid Kaveh အဖွဲ့ ဖြစ်ပြီး IRGC ရဲ့ ဆိုက်ဘာ စင်တာနဲ့ ဆက်စပ်မှု ရှိတယ်လို့ အစိုးရရှေ့နေ လော်ရီ ဘက်ကာက ပြောပါတယ်။

Shahid Kaveh အဖွဲ့ဟာ အီရန် အစိုးရက တိုက်ရိုက်ခန့်ထားတဲ့ ဟက်ကာတွေရဲ့ အစုအဝေးအတွက် ပေးထားတဲ့ နာမည် ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးက တိုက်ခိုက်မှုတွေ ပြန်စလာမယ်ဆိုရင် အီရန်အနေနဲ့ လက်တုံ့ပြန်မှုတွေကို အရှေ့အလယ်ပိုင်းဒေသထက် ကျော်လွန် လုပ်ဆောင်သင့်တယ်လို့ အီရန် နိုင်ငံရေးသမားတွေနဲ့ သတင်းတင်ဆက်သူတွေက မကြာသေးခင် သီတင်းပတ်တွေက ပြောဆိုခဲ့ကြတာပါ။

IRGC ကသာ ဆိုက်ဘာ တိုက်ခိုက်မှုတွေ လုပ်တယ်ဆိုရင် အဲဒီတိုက်ခိုက်မှုတွေက အီရန်ရဲ့ ခုခံတားဆီးရေး ဗျူဟာ တစ်စိတ်တစ်ပိုင်း ဟုတ်သလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။

ပြင်သစ် စူပါမားကတ်တွေမှာ သုံးတဲ့ ရေခဲသေတ္တာ အပူချိန် ထိန်းချုပ်ရေး ဆော့ဖ်ဝဲလ်ကို အောက်တိုဘာ ၁၁ ရက်မှာ ဟက်ကာတွေက ထိန်းချုပ်လို့ ရသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် စတိုးဆိုင်ပေါင်း ရာပေါင်းများစွာ ထိခိုက်ခဲ့ပြီး အေးခဲထားတဲ့ အစားအစာ တန်ချိန်ပေါင်းများစွာကို စွန့်ပစ်ခဲ့ရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.