ဘန်ကောက် ၊ နိုဝင်ဘာ ၁၁
အာဆီယံ အနေနဲ့ ပိုမိုကြီးထွားလာတဲ့ ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုအတွင်း စီးမျှောနေချိန် အဖွဲ့ရဲ့ အကျိုးစီးပွားတွေအပေါ် အခြေခံတဲ့ ဆုံးဖြတ်ချက်တွေ ဆက်လက် ချမှတ်ရမယ်လို့ ထိုင်း လက်ထောက်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ကတ်ကွေးက ပြောလိုက်ပါတယ်။
အာဆီယံအနေနဲ့ အဓိက အင်အားကြီး နိုင်ငံတွေကြား အာဆီယံအနေနဲ့ ဘက်ရွေးမှုကို ဆက်လက် ရှောင်ရှားရမှာ ဖြစ်ပေမယ့် ကြားနေမှုမှာ အကန့်အသတ်တွေ ရှိတယ်ဆိုတာကို အသိအမှတ်ပြု ပြောဆိုပါတယ်။
“ကျွန်တော်တို့ ဘက်ရွေးမဟုတ်တာ အသေအချာပါပဲ (ဒါပေမဲ့) တချိန်တည်းမှာ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေ ဖြစ်တယ်လို့ ကျွန်တော်တို့ မှတ်ယူတဲ့ အရာတွေနဲ့ တစ်သားတည်းကျတဲ့ ဆုံးဖြတ်ချက်တွေ ချရမှာလည်း ဖြစ်တာကြောင့် တချိန်လုံး ကြားနေလို့တော့ မရနိုင်ပါဘူး” လို့ ဝန်ကြီး ဆီဟာဆက်က ဆိုတာပါ။
အထူးသဖြင့် တရုတ်နဲ့ အမေရိကန် ယှဉ်ပြိုင်မှု အင်အားကြီး နိုင်ငံတွေကြား ယှဉ်ပြိုင်မှုအတွင်း စီးမျောရာမှာ အာဆီယံ အနေနဲ့ ဆက်လက် စည်းလုံးရမှာ ဖြစ်ပြီး လက်တွဖော်အားလုံးတဲ့ စေ့စပ်ဆက်ဆံဖို့ ပြောင်းလွယ် ပြင်လွယ်ရှိမှုကို ထိန်းသိမ်းထားရမယ်လို့ ဆီဟာဆက်က ပြောပါတယ်။
ဒေသတွင်း စိတ်ဝင်စားတဲ့ တခြား အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ အီးယူတို့နဲ့ စေ့စပ်ဆက်ဆံလိုကြောင်း သူက ဖြည့်စွက် ပြောဆိုပါတယ်။
အင်အားကြီး နိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုအပြင် မိမိတို့ ဒေသအနေနဲ့ ပဋိပက္ခတွေ၊ စီးပွားရေး မရေရာ မသေချာမှုတွေနဲ့ ကမ္ဘာကြီး အလျင်အမြန် ပြောင်းလဲလာမှုတွေ အပါအဝင် ကျယ်ပြန့်တဲ့ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်နေရတယ်ဆိုတာကို ဆီဟာဆက်က ထောက်ပြထားပါတယ်။
စွမ်းအင်၊ စားနပ်ရိက္ခာ ဖူလုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းလည်း သူက အလေးထား ပြောကြားပြီး အရှေ့အလယ်ပိုင်း စစ်ပွဲက အာဆီယံအနေနဲ့ ဓာတ်ဆီ ဖူလုံရေး သဘောတူညီမှုတွေလို၊ အရေးပေါ် ဆန်စပါး အရန် ထားရှိမှု တို့လို လက်ရှိ ယန္တယားတွေ အားပိုကောင်းဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာ နားလည်လာ စေတယ်လို့ သူက ပြောပါတယ်။
အာဆီယံအနေနဲ့ ဓာတ်အားလိုင်း ချိတ်ဆက်မှုတွေ ပိုမို လုပ်ဆောင်သင့်ပြီး သန့်ရှင်းတဲ့ ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြုမှု တိုးမြှင့်ရမယ်လို့လည်း ဆီဟာဆက်က ပြောပါတယ်။
အာဆီယံအနေနဲ့ ပြဿနာတွေ ကြုံတဲ့ အချိန်မှာ အချိန်မီ ပိုမို လျင်မြန်စွာ ဆောင်ရွက်နိုင်စွမ်းကို အားကောင်းအောင် ဆောင်ရွက်သင့်ပြီး အချိန်ကိုက် ဆုံးဖြတ်ချက်တွေ ချမှတ်သင့်တယ်လို့လည်း ပြောပါတယ်။
အယဆီယံရဲ့ ဗဟိုပြုချက်ဟာ အရှေ့တောင်အာရှ ဒေသမှာ ငြိမ်းချမ်းမှုကို ထိန်းသိမ်းဖို့ ဖြစ်ပြီး ပိုကျယ်ပြန့်တဲ့ အင်ဒို- ပစိဖိတ်ဒေသမှာ တည်ငြိမ်ရေး ကူညီ ပေးဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အင်အားကြီး နိုင်ငံတွေကြား ပြိုင်ဆိုင်မှုတွေကြောင့် နိုင်ငံငယ်လေးတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ တရုတ်နဲ့ အမေရိကန်တို့ ဆက်ဆံရေး တည်ငြိမ်အောင် ဆက်လက် ကြိုးပမ်းဖို့ ဝန်ကြီး ဆီဟာဆက်က မျှော်လင့်နေတာပါ။
ဝန်ကြီး ဆီဟာဆက်ဟာ နိုဝင်ဘာ ၁၂ ရက်မှာ နေပြည်တော်သို့ သွားရောက်ပြီး တိုက်ပွဲများ အရှိန်လျှော့ချရေး တိုက်တွန်း ပြောဆိုသွားမှာ ဖြစ်ပါတယ်။
Ref:Reuters

