စားနပ်ရိက္ခာထောက်ပံ့မှု စီမံကိန်းကနေ လူပေါင်း ၆ ဒသမ ၃ သန်း လျှော့ချဖို့ ထရန့် အစိုးရ လုပ်ဆောင်

ဝါရှင်တန်၊ နိုဝင်ဘာ ၁၁

အမေရိကန်နိုင်ငံရဲ့ အကြီးမားဆုံး စားနပ်ရိက္ခာ ထောက်ပံ့ရေး စီမံကိန်းကနေ အမေရိကန် နိုင်ငံသား သန်းပေါင်းများစွာကို လျှော့ချဖို့ ထရန့် အစိုးရက နိုဝင်ဘာ ၁၀ ရက်မှာ လုပ်ဆောင်လိုက်ပါတယ်။

အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အဆိုပြုဥပဒေက အာဟာရ ထောက်ပံ့ရေး စီမံကိန်း အကျိုးကျေးဇူးတွေအတွက် အလိုအလျောက် သတ်မှတ်ချက် ပြည့်မီမှုကို လျှော့ချမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အာဟာရ ထောက်ပံ့ရေး စီမံကိန်းအရ အိမ်ထောင်စုတွေဟာ လိုအပ်တဲ့ မိသားစု စီမံကိန်းအတွက် ယာယီ အကူအညီအရ ငွေသားတွေ လက်ခံရရှိခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ လိုအပ်တဲ့ မိသားစုတွေအတွက် ယာယီ အကူအညီ လက်ခံရရှိနေတဲ့ အိမ်ထောင်စုတွေဟာ ဖက်ဒရယ် ဝင်ငွေ သတ်မှတ်ချက်နဲ့ မဆိုင်ဘဲ အာဟာရ ထောက်ပံ့ရေး အကူအညီ ရရှိဖို့ အရည်အချင်း ပြည့်မီပြီးသား အဖြစ် သတ်မှတ်ပါတယ်။

ယာယီ အကူအညီ လက်ခံရရှိမှုကတော့ ပြည်နယ်ချင်းအလိုက် သတ်မှတ်ချက်တွေ ကွာခြားပါတယ်။

ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ဖက်ဒရယ် ဆင်းရဲမွဲနေမှုအဆင့် ၁၃၀ ရာခိုင်နှုန်းကနေ ၂၀၀ ရာခိုင်နှုန်းလောက်အထိ ပါဝင်နေတာ ဖြစ်ပါတယ်။

အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ အဆိုပြုထားတဲ့ ပြောင်းလဲမှုအရ အာဟာရ ထောက်ပံ့ရေး အကူအညီ ရရှိနေသူတွေရဲ့ ၁၈ ရာခိုင်နှုန်း ဒါမှမဟုတ် ၆ ဒသမ ၃ သန်းလောက် အကျိုးခံစားခွင့်တွေ ဆုံးရှုံးမှာ ဖြစ်ကြောင်း အဆိုပြုဥပဒေမှာ ပါဝင်ခဲ့တဲ့ လေ့လာရေး အေဂျင်စီ တစ်ခုက ပြောပါတယ်။

အဲဒီ အပြောင်းအလဲတွေကြောင့် အာဟာရ ထောက်ပံ့မှု အကူအညီ လက်ခံ ရရှိရေး သတ်မှတ်ချက်တွေ ပိုပြီး စံနှုန်းမြင့်လာမှာ ဖြစ်ပြီး အမှန်တကယ် လိုအပ်နေသူတွေအတွက် အကျိုးခံစားခွင့်တွေ ဖယ်ထားပေးမှာ ဖြစ်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

သမ္မတ ဒေါ်နယ် ထရန့်က သူ့ရဲ့ ၂၀၂၅ ဇူလိုင်လမှာ ထုတ်ပြန်တဲ့ အခွန် ဥပဒေမှာ အဲဒီစီမံကိန်းအတွက် လျှော့ချမှုတွေ စတင်လိုက်ပြီးနောက်ပိုင်း အာဟာရထောက်ပံ့မှု အကျိုးခံစားခွင့် ဆုံးရှုံးသူ ၅ ဒသမ ၅ သန်းကျော်နေပြီ ဖြစ်ပါတယ်။

အကျိုးခံစားခွင့်အတွက် စာရင်းပေးသူ အရေအတွက်ဟာလည်း ၃၆ သန်းလောက်အထိ လျော့ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

စီမံကိန်းနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှု အပြောင်းအလဲတွေကို အကောင်အထည်ဖော်ဖို့ ပြည်နယ်တွေ အခက်ကြုံနေတာ၊ ထရန့် ဥပဒေကြောင့် နောက်ထပ် ငွေ သိသိသာသာ ကုန်ကျတာတွေကြောင့်လည်း စာရင်းသွင်းသူ အရေအတွက် နည်းသွားတာ ဖြစ်ပါတယ်။

အာဟာရ ထောက်ပံ့ရေး အကျိုးခံစားခွင့် ရထားသူတွေအနေနဲ့ တခြား စားနပ်ရိက္ခ စီမံကိန်းတွေအတွက်လည်း အရည်အချင်း ပြည့်မီတယ်လို့ သတ်မှတ်ထားတာကြောင့် သူတို့ရဲ့ အဆိုပြုထားတဲ့ ဥပဒေအရ သတ်မှတ်ချက်နဲ့ ကိုက်ညီပြီးသား ကလေး ၁ ဒသမ ၈ သန်း နေ့လယ်စာ အခမဲ့ စားသုံးခွင့် ရှိတော့မှာ မဟုတ်ဘူးလို့ အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီဥပဒေဟာ ရက်စက်ပြီး နှလုံးသား မရှိတဲ့ ဥပဒေ ဖြစ်တယ်လို့ အောက်လွှတ်တော် စိုက်ပျိုးရေး ကော်မတီ အဖွဲ့ဝင် မင်နီဆိုတာပြည်နယ် ဒီမိုကရက် လွှတ်တော်အမတ် အန်ဂျီ ကရိတ်က တုံပြန်ပါတယ်။

အဆိုပြုထားတဲ့ ဥပဒေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်သူတွေအနေနဲ့ ရက်ပေါင်း ၃၀ အတွင်း ဝေဖန် အကြံပြုနိုင်ကြောင်း သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.