အီရန်က မြေအောက် ဒုံးကျည်မြို့တော်ကို မိတ်ဆက်ပြသ

တီဟီရန်၊ နိုဝင်ဘာ ၁၁

အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ IRGC က မြေအောက် ဒုံးကျည်မြို့တော် အသစ်လို့ သူတို့ ပြောတဲ့နေရာကို မိတ်ဆက်လိုက်ပါတယ်။

အဲဒီ နေရာမှာ ဒုံးကျည် ပစ်လွှတ်စနစ်တွေနဲ့အတူ ပဲ့ထိန်း ဒုံးကျည်တွေ ခရု့ဇ်ဒုံးကျည်တွေကို သိမ်းဆည်းထားတာ တွေ့မြင်ရပါတယ်။

အီရန် တပ်ဖွဲ့ရဲ့ လေကြောင်း သီတင်းပတ် အတွင်း နိုဝင်ဘာ ၁၀ ရက်က IRGC နဲ့ ဆက်စပ်တဲ့ Tasnim News Agency သတင်းဌာနက ဓာတ်ပုံတွေ ဖော်ပြခဲ့ပါတယ်။

အီရန် စစ်တပ် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အလီ အဘဒိုလာဟီနဲ့ IRGC လေတပ် တပ်မှူး ဒုဗိုလ်ချုပ်ကြီး မာဂျစ် မောဆာဗီလည်း အဲဒီ မိတ်ဆက်ပွဲသို့ တက်ရောက်ခဲ့ပါတယ်။

အဲဒီ နေရာမှာ ဒုံးကျည် အမျိုးမျိုးနဲ့အတူ ပစ်လွှတ်ရေး လောင်ချာစနစ်တွေပါ ထားရှိတယ်လို့ Tasnim သတင်းဌာနက ဖော်ပြပေမယ့် တည်နေရာကိုတော့ ဖော်ပြထားတာ မရှိသလို လက်နက် အမျိုးအစားတွေကိုလည်း ဖော်ပြထားတာ မရှိပါဘူး။

အဲဒီ မြေအောက်မြို့တော်ရဲ့ အတိုင်းအတာနဲ့ လုပ်ငန်းလည်ပတ်မှု အခြေအနေတွေကိုလည်း ဖော်ပြမထား ပါဘူး။

လေတပ်က မြေအောက် ဒုံးကျည်မြို့တော် အသစ်နဲ့ တခြား စစ်ရေး အောင်မြင်မှုတွေကို အခု သီတင်းပတ်အတွင်း မိတ်ဆက်ပြသွားမယ်လို့ IRGC ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်ချုပ် ဟူစိန်က ပြောကြားပြီးနောက် အခုလိုကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီ မြေအောက်မြို့တော်မှာ အီရန်ရဲ့ ဒုံးကျည်တွေ အရေအတွက် ဘယ်လောက်ရှိနေသလဲ ဆိုတာ မသိရသေးပါဘူး။

အီရန်ရဲ့ ဒုံးကျည် လက်နက်တိုက်ဟာ အီရန် စစ်ရေးဗျူဟာရဲ့ အဓိက ဒေါက်တိုင်တွေထဲက တစ်ခု ဖြစ်ပါတယ်။

မြေအောက်မှာ အီရန် ထိန်းချုပ်ထားပြီး သိမ်းဆည်းထားတဲ့ ဒုံးကျည်တွေ ဘယ်လောက် ကျန်နေသေးသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အီရန်ဟာ ပဲ့ထိန်းဒုံးကျည် ၃၀၀၀ ကျော် ပိုင်ဆိုင်လာတာ နှစ်တွေ အများကြီး ကြာပြီ ဖြစ်တယ်လို့ ၂၀၂၂ ခုနှစ်က အမေရိကန် လေ့လာမှု တစ်ရပ်မှာ ဖော်ပြထားပါတယ်။

နောက်ဆုံး ထွက်ရှိလာတဲ့ လေ့လာမှု ရလဒ်အရ အီရန်မှာ ဒုံးကျည် ၂၀၀၀ ကျော်ပဲ ရှိတော့တယ်လို့ သိရပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်တာခံရပြီးနောက်မှာ အီရန် ပိုင်ဆိုင်တဲ့ ဒုံးကျည် အရေအတွက် လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်စောစောပိုင်းက အစ္စရေးရဲ့ ခန့်မှန်းမှု တစ်ခုမှာ အီရန် ဒုံးကျည် အရေအတွက် ၂၅၀၀ ကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။

တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခု ဖော်ပြထားတဲ့ မြေအောက်ဒုံးကျည်မြို့တော် ပုံရိပ်တွေဟာ အီရန်ရဲ့ ဝါဒဖြန့်မှု တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အီရန် ဒုံးကျည် မြေအောက်မြို့တော်ကို လေကြောင်းက ပစ်မှတ်ထားတိုက်ခိုက်လာရင်တောင် လုပ်ငန်းတွေ ဆက်လက် လည်ပတ်နိုင်လောက်အောင် အခိုင်အမာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အီရန်က ဒုံးကျည်တွေနဲ့ ဒရုန်း ထုတ်လုပ်ရာနေရာတွေကို မြေပြင်ကနေ မြေအောက်နေရာတွေဆီ ပြောင်းရွှေ့ထားတယ်လို့ လေ့လာသူ တချို့က ပြောထားပါတယ်။

ဒါကြောင့် အခု မိတ်ဆက်လိုက်တဲ့ မြေအောက် ဒုံးကျည် မြို့တော်ဟာ ဒုံးကျည် ထုတ်လုပ်ရာနေရာလည်း ဖြစ်နိုင်ပါတယ်။

Ref:GULFNews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.