မွန်-တနင်္သာရီ လူငယ်အင်အားစုတွေ နိုင်ငံရေးတော်လှန်ရေးကဏ္ဍစုံ ပူးပေါင်းဖို့ ကတိပြု

မော်လမြိုင် ၊ နိုဝင်ဘာ ၁၀

မွန်နဲ့တနင်္သာရီဟာ နယ်နမိတ်ထိစပ်နေပြီး ပထဝီနိုင်ငံရေးနဲ့ စစ်ရေးအရ အရေးပါတဲ့ ဒေသတွေဖြစ်လို့ မွန်-တနင်္သာရီဒေသ လူငယ်နိုင်ငံရေးနှီးနှောဖလှယ်ပွဲကနေ နိုင်ငံရေး၊ တော်လှန်ရေးအပါအဝင် ကဏ္ဍစုံ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ လူငယ်အင်အားစုတွေက နိုဝင်ဘာ ၈ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

လက်ရှိ ဒေသတွင်းဖြစ်ပွားနေတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ အာဏာရှင်စနစ်ရဲ့ အကျိုးဆက်ကြောင့် သာမန်ထက် ပြင်းထန်နေပြီး စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ပြည်သူတွေရဲ့ လူသားချင်းစာနာမှု အခြေအနေကို ပိုမိုဆိုးရွားစေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးနဲ့ အရပ်သားပြည်သူအကျိုးပြုရေးတွေမှာ မွန်-တနင်္သာရီ လူငယ်အင်အားစုတွေရဲ့ အသံ၊ ကိုယ်စားပြုမှုနဲ့ အဓိပ္ပာယ်ရှိတဲ့ ပါဝင်မှုကို မြှင့်တင်နိုင်ဖို့ မွန်-တနင်္သာရီဒေသ လူငယ်နိုင်ငံရေးနှီးနှောဖလှယ်ပွဲကို နှစ်ရက်တာ ပြုလုပ်ခဲ့တာပါ။

လူငယ်တွေအကြား နားလည်မှု၊ ယုံကြည်မှုနဲ့ ပူးပေါင်းလုပ်ဆောင်မှုကို အားကောင်းစေဖို့ ရည်ရွယ်တဲ့ နှီးနှောဖလှယ်ပွဲရဲ့ ဆွေးနွေးမှုရလဒ်တွေအရ မွန်-တနင်္သာရီ ဒေသက လူငယ်အင်အားစုတွေအကြား အပြန်အလှန်နားလည်မှုတွေ မြှင့်တင်ပြီး အတူတကွ လက်တွဲညီညီ ပူးပေါင်းလုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။

နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ မှတ်တမ်းတင်တာတွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေအတွက် ကွန်ရက်တွေစုဖွဲ့ပြီး ဆက်လက်တွေ့ဆုံကာ ပူးပေါင်းအကောင်အထည်ဖော်သွားကြမယ်လို့ ဆိုပါတယ်။

ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်တွေအတွက် အင်အားစုတွေကနေ လူငယ်တွေအကြား ပူးတွဲပြုလုပ်တဲ့ သုတေသနတွေ၊ နှီးနှောဖလှယ်မှုတွေနဲ့ အပြန်အလှန်လေ့လာသင်ယူမှုတွေ ပုံမှန်မပြတ် လုပ်ဆောင်သွားကြမယ်လို့ ပူးတွဲကြေညာချက်မှာ အသိပေးထားတာပါ။

တစ်ဘက်မှာ ပထဝီနိုင်ငံရေးအရ ရေခံမြေခံနဲ့ နောက်ခံအကြောင်းအရာတွေ တူညီကြတဲ့အတွက် လူငယ်တွေအပေါ် ကျရောက်နေတဲ့ ဘုံစိန်ခေါ်ချက်တွေကို လက်တွဲညီညီ ပူးပေါင်းရင်ဆိုင် ဖြေရှင်းသွားကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးနဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေအတွင်း ဆုံးဖြတ်ချက်ချမှတ်တဲ့ အခန်းကဏ္ဍတွေမှာ လူငယ်ထုရဲ့ အဓိပ္ပာယ်ရှိစွာ ပါဝင်နိုင်မှုကို သေချာစေရေး အတူတကွ တိုက်ပွဲဝင်သွားမယ်လို့ ပူးတွဲကြေညာချက်မှာ ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာက လက်ရှိ တော်လှန်ရေးဖြစ်စဉ်မှာ လူငယ်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှု ဆုံးရှုံးမှုနဲ့ အားထုတ်မှုတွေဟာ အများဆုံးထည့်ဝင်ထားရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စွန့်လွှတ်အနစ်နာခံမှု ဆုံးရှုံးမှုနဲ့ အားထုတ်ကြိုးပမ်းမှုအများဆုံးထည့်ဝင်ရတဲ့ လူငယ်တွေရဲ့ ကိုယ်စားပြုနိုင်မှု အခြေအနေတွေ နောက်ပြီး အသံဖော်ထုတ်နိုင်မှုအခြေအနေတွေ ဒီစုဖွဲ့မှုတွေအပေါ် ထိန်းကျောင်းညှိနှိုင်းနိုင်မှုအခြေအနေတွေ ဆုံးဖြတ်ချက်ချတဲ့ အခန်းကဏ္ဍတွေမှာ အဓိပ္ပာယ်ရှိစွာ ပါဝင်နိုင်ရေးအခြေအနေကကျတော့ လက်ရှိအခြေအနေမှာ နည်းနည်း စိန်ခေါ်ချက်ရှိနေသေးတဲ့ အခြေအနေမျိုးရှိတာပေါ့”လို့ ဆိုပါတယ်။

ဂျန်ဒါအပါအဝင် လူမျိုးနဲ့ ဘာသာအလိုက် ကွဲပြားမှုတွေပေါ် မူတည်ပြီး စိန်ခေါ်ချက်တွေက မတူညီကြတဲ့အတွက် သက်ဆိုင်ရာအဝိုင်းအဝိုင်းတွေကနေ ပူးပေါင်းဆောင်ရွက်တဲ့အနေအထားမှာ လူငယ်တွေအနေနဲ့ မဟာမိတ်အင်အားတွေ စုစည်းပြီး လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ သူက ဆက်ပြောပါတယ်။

ဖက်ဒရယ်ယူနစ်တွေအပါအဝင် လူမျိုးစုအလိုက် ပြည်နယ်လိုက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသားအဆင့် နိုင်ငံရေးအရ စုဖွဲ့ဦးဆောင်မှုတွေ ပေါ်ပေါက်နေတဲ့ အခြေအနေမှာ လူငယ်တွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ တည်ရှိနေတယ်လို့ နိုင်ပီတာက ထောက်ပြပါတယ်။

မြန်မာ့တော်လှန်ရေးသမိုင်းအဆက်ဆက် လူငယ်တွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိခဲ့ကြတဲ့အတွက် လူငယ်တွေဟာ အခုနွေဦးတော်လှန်ရေး ငါးနှစ်ကျော်ကာလမှာ စစ်ရေး၊ နိုင်ငံရေး၊ လူထုအကူအညီပေးရေးအစရှိတဲ့ ကျရာကဏ္ဍမှာ ပါဝင်လုပ်ဆောင်နေကြတာပါ။

အခြေခံကနေ အစပြုတဲ့ ဖက်ဒရယ်စနစ်နဲ့ အနာဂတ်ပြည်ထောင်စုကို ဖန်တီးပုံဖော်တဲ့အခါ ဆန်းသစ်တဲ့ အတွေးအခေါ်နဲ့ အမြော်အမြင်ရှိတဲ့ လူငယ်ထုကြီးရဲ့ ဦးဆောင်ပါဝင်မှုဟာ အရေးပါလှတယ်လို့ မွန်-တနင်္သာရီ လူငယ်အင်အားစုတွေက ရှုမြင်ကြပါတယ်။

မွန်နဲ့ တနင်္သာရီဒေသအတွင်းရှိ လူငယ်တွေကလည်း အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ လူမျိုးကြီးဝါဒတိုက်ဖျက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အစရှိတဲ့ ရည်မှန်းချက်တွေနဲ့ သက်ဆိုင်ရာနယ်ပယ်အရပ်ရပ်မှာ ကိုယ်စီ တိုက်ပွဲဝင်နေကြတယ်လို့ အသိပေးထားတာပါ။

ကြေညာချက်ထုတ်ပြန်တဲ့အဖွဲ့ထဲမှာ တနင်္သာရီဖက်ဒရယ်ယူစနစ်ဖော်ဆောင်ရေးကောင်စီ (TFUCC) ၊ တနင်္သာရီတိုင်းလူငယ်ကွန်ရက် (TYN) ၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (MLMU-SU) ၊ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF)၊ FE5 Tanintharyi Report Series ၊ MEGGA Initiative နဲ့ အမည်မဖော်တဲ့ အဖွဲ့တစ်ဖွဲ့တို့ ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MLMU-SU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.