နေပြည်တော် ၊ နိုဝင်ဘာ ၁၀
လစ်လပ်မဲဆန္ဒနယ် ၅၅ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်အစိုးရလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ကြေညာခဲ့ပြီးနောက် စီတန်းလှည့်လည်ခွင့် တားမြစ်ချက်ကို ပြည်သူ့လွှတ်တော်နည်းဥပဒေမှာ ထည့်သွင်းလာပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၆ ရက်မှာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေတွေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ နည်းဥပဒေဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။
ပြင်ဆင်လိုက်တဲ့ နည်းဥပဒေထဲမှာ ပုဒ်မတချို့ကို ပြင်ဆင်အစားထိုးတာနဲ့ စကားရပ်တချို့ကို ဖြည့်စွက်ထားပြီး ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးတာတွေနဲ့ပတ်သက်လို့ တားမြစ်ချက်တချို့ ထပ်တိုးထားတာပါ။
ထူးခြားချက်အနေနဲ့ ပြည်သူ့လွှတ်တော်နည်းဥပဒေပါ ပုဒ်မ ၄၄၊ နည်းဥပဒေခွဲ (ဂ)၊ နည်းဥပဒေခွဲငယ် (၇) နဲ့ နည်းဥပဒေ ၄၉ နည်းဥပဒေခွဲ (ဋ) တို့အရ မဲဆွယ်စည်းရုံးဟောပြောရာမှာ ယာဉ်တွေနဲ့ ဖြစ်စေ လူစုလူဝေးနဲ့ ဖြစ်စေ စီတန်းလှည့်လည်ခွင့် မပြုဆိုတဲ့ တားမြစ်ချက်ကို ထည့်သွင်းထားတာ တွေ့ရပါတယ်။
နိုင်ငံရေးပါတီတွေကနေ ဗဟိုအလုပ်အမှုဆောင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေဟာ စုဝေးဟောပြောရာမှာဖြစ်စေ စာတမ်းအမှတ်အသားတစ်မျိုးမျိုး ဖြန့်ချီရာမှာဖြစ်စေ အခြားမဲဆွယ်စည်းရုံးရေးဆိုင်ရာကိစ္စရပ်တွေ လုပ်ဆောင်ရာမှာဖြစ်စေ တားမြစ်ချက်တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရဆိုတဲ့ အချက်တွေကို နည်းဥပဒေမှာ ပြင်ဆင်ခဲ့တာပါ။
စစ်ရေးအခြေအနေတွေကို စောင့်ကြည့်လေ့လာသူ CDM ဗိုလ်ကြီး ဇင်ယော်က ကြံ့ခိုင်ရေးပါတီက လွဲရင် ကျန်တဲ့ ပါတီတွေကို မဲဆွယ်ခွင့်မရအောင် လုပ်နေတာဖြစ်သလို ရွေးကောက်ပွဲကျင်းပမယ့် နယ်မြေတွေမှာ လုံခြုံရေးအာမခံချက် မရှိဘူးဆိုတာ ဝန်ခံတာလို့ သံလွင်တိုင်းမ်ကို ပါတယ်။
“မဲဆွယ်စည်းရုံးမယ့် ကိုယ်စားလှယ်တွေတောင်မှပဲ ပုန်းလျှိူးကွယ်လျှိုးနဲ့ သွားလာပြီးခါမှာ မဲဆွယ်ရတဲ့အနေအထား။ အဲဒီတော့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ ကြံ့ခိုင်ရေးကလွဲရင် ကျန်တဲ့ ပါတီတွေကို လုံးဝ မဲဆွယ်ခွင့်မပေးတဲ့ သဘောပဲ။ ကြံ့ခိုင်ရေးပါတီကိုပဲ သူတို့ လုံခြုံရေးအပြည့် ယူပြီးခါမှ ကျန်တဲ့ ပါတီတွေကို မဲဆွယ်ခွင့်မရအောင် လုပ်နေတဲ့ အနေအထားမျိုးပဲ။ပြီးရင်လည်း သူတို့ရဲ့ ရွေးကောက်ပွဲကျင်းပမယ့်နယ်မြေတွေမှာ လုံခြုံရေးအာမခံချက် မရှိဘူးဆိုပြီး သူတို့ကိုယ်တိုင် ပြန်ပြီးတော့ ဝန်ခံထားရတဲ့ အနေအထားမျိုးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်ဗျ”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ စစ်တပ်ဦးဆောင်တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေးကာလမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ စီတန်းလှည့်လည်ခွင့် မပြုခဲ့ပေမယ့် လူစုလူဝေးနဲ့ ကွင်းပြင်တစ်နေရာရာမှာ သတ်မှတ်လူဦးရေနဲ့ စုဝေးဟောပြောတာကိုတော့ ခွင့်ပြုပေးခဲ့ပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်တပ်ကနေ အရပ်သားအသွင်ပြောင်း စစ်အစိုးရအဖြစ် ဖွဲ့စည်းထားနိုင်ပေမယ့် လက်လွှတ်နယ်မြေအများစုကို ပြန်လည် မထိန်းချုပ်နိုင်သေးသလို တချို့နယ်မြေတွေမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ရေးအားပြိုင်နေတာကြောင့် မြို့ပေါ်လောက်သာ စိုးမိုးထားနိုင်တဲ့ အခြေအနေပါ။
တစ်ဘက်မှာ ကုလသမဂ္ဂနဲ့ အာဆီယံမှာ နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှု ရရှိဖို့ စစ်အစိုးရက နည်းမျိုးစုံကြိုးပမ်းနေမှုအတွင်း ပြီးခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် မဲပုံးမထောင်နိုင်ခဲ့တဲ့ မြို့နယ် ၆၇ ခုရှိတဲ့တဲက ၃၄ မြို့နယ်မှာ မဲပုံးထောင်နိုင်အောင် လုပ်ဆောင်လာနေပါတယ်။
ဒါ့အပြင် စစ်အစိုးရအဖွဲ့ထဲ ရောက်ရှိသွားသူတွေရဲ့ ကိုယ်စားလှယ်နေရာနဲ့ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားတဲ့ကိုယ်စားလှယ်နေရာတွေကို ပြန်လည်ဖြည့်စွက်ဖို့ လာမယ့်နှစ် ဧပြီမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတာပါ။
ဒီအတွက် လစ်လပ်နေတဲ့ ကိုယ်စားလှယ်နေရာ မဲဆန္ဒနယ် ၅၅ ခုအတွက် လွှတ်တော်သုံးရပ်လုံးမှာ မဲများသူအကုန်အနိုင်သူ FPTP စနစ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်လို့ နိုဝင်ဘာ ၆ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။
အဲဒီထဲမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်တချို့ ပါဝင်သလို နှစ်ဘက်စစ်ရေးအားပြိုင်နေတဲ့ အထူးသဖြင့် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကျေးရွာအများစုရဲ့ မြို့နယ်တွေလည်း ပါဝင်တယ်လို့ စစ်ရေးအကဲခတ်တွေက ထောက်ပြပါတယ်။
အထူးသဖြင့် ချင်းပြည်နယ်က တွန်းဇံနဲ့ဖလမ်း အပါအဝင် စစ်ကိုင်းတိုင်းက ကောလင်း၊ထီးချိုင့်၊ဗန်းမောက်၊အင်းတော်၊ယင်းမာပင်၊ပုလဲ၊တန့်ဆည်အပြင် မန္တလေးတိုင်းက မိုးကုတ်၊ စဉ့်ကူး၊ နွားထိုးကြီး၊ ရှမ်းမြောက်က ကျောက်မဲနဲ့ မွန်ပြည်နယ်က ကျိုက်မရောမြို့နယ်တို့ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ ကျိုက်မရောမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၄ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၄၄ အုပ်စု ရှိနေပေမယ့် ကြားဖြတ်ရွေးကောက်ပွဲကိုတော့ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စု ၂၀ မှာသာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။
ဒီအခြေအနေမှာ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်လို့ စစ်အစိုးရက လုံခြုံရေး အာမခံချက် မပေးနိုင်တာကြောင့် စီတန်းလှည့်လည်ခွင့်ကို နည်းဥပဒေမှာ ထည့်သွင်းတားမြစ်လာတာလို့ စစ်ရေးအကဲခတ်တွေက ဝေဖန်သုံးသပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

