မော်လမြိုင်၊ နိုဝင်ဘာ ၁၀
မွန်ပြည်နယ်မှာ မော်လမြိုင်ခရိုနီ ဦးမိုးကျော်ရဲ့ ငွေမိုးဆေးရုံအပါအဝင် စီးပွားရေးလုပ်ငန်းစု ၁၉ စုဟာ ၂၄ နာရီ လျှပ်စစ်မီး ရရှိနေတယ်လို့ သံလွင်တိုင်းမ်က လက်ခံရရှိထားတဲ့ စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အဲဒီစီးပွားရေးလုပ်ငန်းစု ၁၉ စုဟာ စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ်အစိုးဆီကနေ တစ်ယူနစ် ကျပ် ၉၀၀ နှုန်းနဲ့ စာချုပ်ချုပ်ဆိုထားပြီး ၂၄ နာရီ မဖြစ်မနေ လျှပ်စစ်မီး ဖြန့်ဝေပေးနေရတာ ဖြစ်ပါတယ်။
၂၄ နာရီ လျှပ်စစ်မီး ရရှိနေတဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ မော်လမြိုင်မြို့မှာ ငွေမိုးဆေးရုံ၊ Ocean Center ၊ ရွှေမြိုင်ဆန်စက်၊ မိုးမြချယ် ရော်ဘာသစ်ခွဲသားစက်ရုံ၊ ရိုးဂိုးရော်ဘာသစ်ထုတ်လုပ်ရေး၊ Grand Mawlamyaing Shopping Mall၊ ဦးစိန်ဝမ်း နေအိမ်နဲ့ Myanmar Lighting Co,Ltd(IPP) တို့ ပါဝင်ပါတယ်။
ဒါ့အပြင် မုဒုံမြို့နယ်မှာ ရွှေမာဃ ရော်ဘာစက်ရုံ၊ ရှန်ဟုန်းအထပ်သား၊ ရာစုနှစ်ရော်ဘာစက်ရုံ၊ ရွှေမြန်မာ ရော်ဘာစက်ရုံ၊ ဖူးရှင်းခရမ့်ရော်ဘာစက်ရုံ၊ ရာဇာမင်းစက်သုံးဆီ သိုလှောင်စခန်း၊ ဟောက်ရမ်းအထပ်သား စက်ရုံ၊ Honda Myamar သစ်ပါးလွှာစက်ရုံ၊ Sir Trang Ayeyar ခရမ့်ရော်ဘာစက်ရုံနဲ့ သံဖြူဇရပ်မြို့နယ်မှာ ကံကောင်းခြင်း ရတနာစက်ရုံတို့က ၂၄ နာရီ လျှပ်စစ်မီး ရရှိနေပါတယ်။
အဲဒီစီးပွားရေးလုပ်ငန်းစု ၁၉ စုဟာ မွန်ပြည်နယ် မော်လမြိုင်မြို့အတွက် ခွဲတမ်း ရရှိနေတဲ့ လျှပ်စစ် မဂ္ဂါဝပ် ၄၀ ကျော်ထဲကနေ ၁၁ ဒသမ ၉၇ မဂ္ဂါဝပ်၊ ရာခိုင်နှုန်းအနေနဲ့ ၂၇ ရာခိုင်နှုန်းကျော်ကို သူတို့လုပ်ငန်းစုတွေထံ လျှပ်စစ်မီး ပြန်လည်ဖြန့်ဝေပေးနေရတာ ဖြစ်ပါတယ်။
တစ်ယူနစ် ကျပ် ၉၀၀ နှုန်းနဲ့ လျှပ်စစ်မီး ရောင်းချမှုဟာ အစိုးရဆီကနေ လျှပ်စစ်မီး မရရှိသေးတဲ့ မွန်ပြည်နယ် ရေးမြို့နယ်ရဲ့ မီတာယူနစ်ဈေးနဲ့ နှိုင်းယှဉ်ရင် ကျပ် ၃၁၀၀ ကွာဟနေပြီး ရေးဒေသခံတွေဟာ ပုဂ္ဂလိက လုပ်ငန်းကနေ လျှပ်စစ်မီးကို တစ်ယူနစ် ကျပ် ၃၈၀၀ နှုန်းနဲ့ ဝယ်ယူသုံးစွဲနေရပါတယ်။
၂၄ နာရီ လျှပ်စစ်မီး ရရှိနေတဲ့ စီးပွားရေး လုပ်ငန်းအများစုဟာ ပြည်သူတွေအတွက် အဓိက အကျိုးပြုတဲ့ လုပ်ငန်းတွေ မဟုတ်ဘဲ သူတို့ရဲ့ အကျိုးစီးပွားအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေသာ ဖြစ်ပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံပြည်သူ နှစ်ဦးကတော့ စစ်အစိုးရရဲ့ လျှပ်စစ်မီး ဖြန့်ဝေမှုဟာ အခွင့်အထူးခံ လူတန်းစားတွေကို ချိုသာတဲ့ ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး လျှပ်စစ်မီး ရောင်းချမှုသာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
ဒေသတွင်းမှာတော့ ပြည်သူတွေဟာ လျှပ်စစ်မီးကို တစ်ရက်လျှင် အချိန် ၂ နာရီလောက်သာ ရရှိနေပေမယ့် အခွင့်အထူးခံ လူတန်းစားတွေနဲ့ အာဏာပိုင်အဖွဲ့တွေဟာ ၂၄ နာရီ လျှပ်စစ်မီး အပြည့်အဝ ရရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

