မကွေး နိုဝင်ဘာ ၉
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းကြေး မကောက်တော့ဘူးလို့ ကြေညာပြီးနောက် ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုဝင်ဘာလ ၇ ရက်ကနေ ၉ ရက်အထိ ဝန်ထမ်းတွေအပါအဝင် လူငယ် ၂၀ ကျော်ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
“တချို့ရွာတွေက ပေါ်တာကြေးမပေးနိုင်တော့ဘူး။ ကောက်တဲ့သူတွေကိုလည်း ခြိမ်းခြောက်တော့ အမုန်းခံပြီး ကောက်မပေးကြတော့ဘူး။ အဲဒီနောက်ပိုင်းမှာ စစ်မှုထမ်းကြေး မကောက်ဘဲနဲ့ ပေါ်တာ ဆက်တိုက်ဆွဲလာတာ။” လို့ ရှောက်တောကျေးရွာသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ ကျေးရွာတွေထဲမှာ ရှောက်တောကျေးရွာလည်း ပါဝင်ပြီး ရှောက်တော၊ ရွာခိုင်၊ ကျွဲထိ၊ သရက်ကုန်း၊ ထူး၊ ကျောင်းစုကျေးရွာတွေက ဖြစ်တယ်လို့သိရပါတယ်။
ရှောက်တောကျေးရွာက ရွာကြီးဖြစ်ပြီး နိုဝင်ဘာလ ၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က စက်မှု ၁ ဝန်ထမ်းအပါအဝင် ၄ ဦးကို လူစည်ကားတဲ့ လမ်းဆုံမှာ ကားနှစ်စီးနဲ့ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၇ ရက်က သရက်ကုန်းကျေးရွာသား ၅ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီး ၁ ဦးကို ၇၅ သိန်းကျပ်ပေးကာ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ရှောက်တောလို ကျေးရွာကြီးအပါအဝင် ပွင့်ဖြူမြို့နယ်အတွင်းက ကျေးရွာတွေမှာ ပေါ်တာဆွဲဲ ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပွင့်ဖြူ-စလင်း လမ်းပေါ်မှာ လူသွားလူလာ မရှိဘဲ လူငယ်တွေ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

