အင်ဒိုနီးရှားမှာ တောမီးငြှိမ်းသတ်နေတဲ့ မီးသတ် ရဟတ်ယာဉ် တစ်စီး ပျက်ကျပြီး အမှုထမ်း တစ်ဦး သေဆုံး

ဂျကာတာ၊ နိုဝင်ဘာ ၉

အင်ဒိုနီးရှားမှာ လောင်ကျွမ်းနေတဲ့ တောမီးများငြိမ်းသတ်ရေး ရေသယ်ယူဖို့ ကြိုးပမ်းချိန် မြစ်ထဲသို့ ရဟတ်ယာဉ် တစ်စီး နိုဝင်ဘာ ၈ ရက်မှာ ပျက်ကျသွားပြီးနောက် အမှုထမ်း တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ် အေဂျင်စီက ပြောပါတယ်။

ဘော်နီယိုကျွန်း တောင်ကလီမန်တန် ပြည်နယ်မှာ ရဟတ်ယာဉ် ပျက်ကျမှုဟာ မီးသတ် ရဟတ်ယာဉ် ပါဝင်တဲ့ နှစ်ရက်အတွင်း ဒုတိယမြောက် ပျက်ကျမှု ဖြစ်ပါတယ်။

နိုဝင်ဘာ ၄ ရက်ကလည်း ဘော်နီယိုကျွန်းအလွန် ရေပြင်ထဲကို စစ်ဖက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့ရပါတယ်။

နိုဝင်ဘာ ၈ ရက်က ပျက်ကျမှုမှာ သြစတြေးလျနိုင်ငံသား လေယာဉ်မှူးနှစ်ဦး အသက်ရှင်နိုင်ခဲ့ပြီး အန္တရာယ်ကင်းကြောင်း အမျိုးသား သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဘာတွန် ပန်ဂျိုင်တန်က ပြောထားပါတယ်။

သူတို့ရဲ့ နောက်ဆက်တွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ မသိရသေးပါဘူး။

ဘာရီတိုမြစ်ထဲက ရေကို ရေပုံးနဲ့ ဖြည့်ယူပြီးနောက် အဲဒီ မီးသတ် ရဟတ်ယာဉ်ဟာ ဖြည်းဖြည်းချင်း အောက်ကနေ ဆွဲချခံရသလို ကျဆင်းသွားပုံကို ဗီဒီယိုဖိုင်တွေမှာ မြင်တွေ့ရပါတယ်။

အဲဒီနောက် ရဟတ်ယာဉ်ဟာ ရေထဲကို ဦးစိုက် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

ရေငုပ်သမား လေးဦး ပါဝင်တဲ့ ရှာဖွေမှုအတွင်း ဒေသစံတော်ချိန် ညနေ ၆ နာရီ ၈ မိနစ်မှာ နောက်ဆုံး သေဆုံးသူကို ပူးတွဲရှာဖွေ ကယ်ဆယ်ရေး အဖွဲ့က ရှာတွေ့ခဲ့တာ ဖြစ်တယ်လို့ ပြည်နယ် ရှာဖွေကယ်ဆယ်ရေးရုံးက ကြေညာပါတယ်။

အရှေ့တောင်အာရှကျွန်းနိုင်ငံ အင်ဒိုနီးရှားမှာ ဆူမတြား၊ ဘော်နီယိုနဲ့ ပါပူအာ ကျွန်းတို့မှာ ကျယ်ကျယ်ပြန့် ပြန့် လောင်ကျွမ်းနေတဲ့ တောမီးတွေကို ထိန်းချုပ်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေရတာ လပေါင်းများစွာ ကြာပြီ ဖြစ်ပါတယ်။

တောမီးလောင်ကျွမ်းရာနေရာတွေကနေ ထွက်ပေါ်လာတဲ့ မီးခိုးမြူတွေဟာ အိမ်နီးချင်းတွေ ဖြစ်တဲ့ မလေးရှား၊ အရှေ့တီမောနဲ့ စင်ကာပူနိုင်ငံတို့အထိ လွင့်မျောနေပါတယ်။

Eurocopter EC225LP Super Puma အမျိုးအစား ရဟတ်ယာဉ်ဟာ မီးငြှိမ်းသတ်ရေး လုပ်ငန်းစဉ်တွေအတွက် စာချုပ်ချုပ်ထားတဲ့ သဘာဝဘေး အန္တရာယ် လျော့ပါးရေး အေဂျင်စီ ကုမ္ပဏီ တစ်ခု ပိုင်ဆိုင်တဲ့ ရဟတ်ယာဉ် ဖြစ်ပါတယ်။

နိုဝင်ဘာ ၄ ရက်က လူ ၈ ဦး လိုက်ပါသွားတဲ့ ရဟတ်ယာဉ် တစ်စီး အောရန်းဟူးတန်းခေါ် ဘော်နီယို လူဝံတွေ အပါအဝင် တိရိစ္ဆာန်တွေ ထားရှိရာ တန်ဂျွန်း ပူတင်း အမျိုးသား ဥယျာဉ်မှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကို ငြိမ်းသတ်ဖို့ ကြိုးပမ်းရင်း ပျက်ကျခဲ့ရပါတယ်။

အဲဒီ ရဟတ်ယာဉ်ဟာလည်း မီးငြှိမ်းသတ်ရာမှာ ပင်လယ်ရေသယ်ယူဖို့ ကြိုးပမ်းချိန် ပျက်ကျခဲ့တာ ဖြစ်ကြောင်း စစ်တပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပြီး ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

မြေပြင် အခြေစိုက် မီးသတ်သမားတွေအပြင် အင်ဒိုနီးရှားက တောမီး ငြှိမ်းသတ်ရေး လေကြောင်းကနေ မီးငြှိမ်းသတ်မှုကို အများကြီး အားကိုးနေပါတယ်။

အင်ဒိုနီးရှားမှာ တောမီးကြောင့် ဟက်တာ ၁ ဒသမ ၉ သန်းကျော် ပျက်စီးသွားပြီ ဖြစ်ကြောင်း သစ်တောပြုန်းတီးမှု စောင့်ကြည့်ရေးအဖွဲ့ Nusantara Atlas ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အင်ဒိုနီးရှားမှာ မိုးခေါင်ရေရှားမှု ဖြစ်စေလေ့ရှိတဲ့ အားကောင်းတဲ့ အယ်လ်နီညို ရာသီဥတု ပုံစံကြောင့် တောမီးတွေ ပိုမို ပြင်းထန်နေတာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.