ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ အင်အား ၅ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီး လူဒါဇင်နဲ့ချီ ဒဏ်ရာရ

တိုကျို၊ နိုဝင်ဘာ ၉

ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ နိုဝင်ဘာ ၈ ရက် စောစောပိုင်းက အားကောင်းတဲ့ မဂ္ဂနီကျု ၅ ဒသမ ၇ အဆင့်ရှိ ငလျင် လှုပ်ခတ်မှုကြောင့် ဒါဇင်နဲ့ချီတဲ့ လူတွေ ဒဏ်ရာရခဲ့ပြီး ပြတင်းပေါက်မှန်တွေ ကွဲသွားခဲ့သလို ရထားဝန်ဆောင်မှုတွေလည်း အနှောင့်အယှက် ဖြစ်ခဲ့ကြောင်း အရာရှိတွေနဲ့ ပြည်တွင်း မီဒီယာတွေက ပြောပါတယ်။

တိုကျိုမြို့ အနောက်ဖက် ရှီဇူအိုကာ စီရင်စုမှာ ဒေသစံတော်ချိန် မနက် ၁ နာရီ ၄ မိနစ်က ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့တာ မရှိကြောင်း ဂျပန် မိုးလေဝသအေဂျင်စီက ပြောပါတယ်။

လူသေဆုံးမှု မရှိကြောင်း အာဏာပိုင်တွေက ပြောပေမယ့် ငလျင်ကြောင့် အဆောက်အဦ အရှေ့ဖက် ပြတင်းပေါက်မှန်တွေ ကွဲသွားပြီး စင်ပေါ်က ပစ္စည်းတွေ ပြုတ်ကျခဲ့သလို ဒေသ အတော်များများမှာ ပို့ဆောင်ရေးစနစ်တွေ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

အများစု အသေးစား ဒဏ်ရာရထားသူ ၁၆ ဦး ရှိကြောင်း သတင်းလက်ခံ ရရှိထားတယ်လို့ အီချီဒေသရှိ အရေးပေါ် အရာရှိ တစ်ဦးက ပြောပါတယ်။

အနီးအနားရှိ ရှီဇူအိုကာ ဒေသအာဏာပိုင်တွေက အမျိုးသမီး အနည်းဆုံး ၃ ဦး အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။

သူတို့ထဲမှာ ငလျင်လှုပ်ခတ်မှုအတွင်း ကုတင်ပေါ်က ပြုတ်ကျပြီး ပုခုံးဒဏ်ရာရသွားတဲ့ အသက် ၉၀ ကျော် အမျိုးသမီး တစ်ဦး ပါဝင်ကြောင်းလည်း အရာရှိတွေက ပြောပါတယ်။

အဲဒီ ဒေသ နှစ်ခုမှာ ထိခိုက်ဒဏ်ရာရသူ ၂၄ ဦးထက် မနည်းရှိကြောင်း ချုနီချီ ရှင်ဘွမ်းသတင်းစာနဲ့ တိုကာအိ ရုပ်သံလိုင်းတို့က သီးခြားစီ ဖော်ပြထားပါတယ်။

ငလျင်ကြောင့် ရှင်ကန်ဆန် ကျည်ဆန် ရထားတွေအပါအဝင် နိုဝင်ဘာ ၈ ရက် မနက်ပိုင်းက ဒေသဆိုင်ရာ ရထား ဝန်ဆောင်မှုတွေ ယာယီ နှောင့်နှေးခဲ့ပြီး ရပ်ဆိုင်းထားမှုတွေလည်း ရှိခဲ့ပါတယ်။

ငလျင်လှုပ်ခတ်မှုကို အနောက်ဖက် အိုဆာကာမြို့အထိ ခံစားသိရှိခဲ့ရပါတယ်။

အိုဆာကာမှာ ငလျင်လှုပ်ခတ်ချိန် အဆောက်အဦ ဒုတိယထပ်က နိုင်ငံခြားသား တစ်ဦး ပြုတ်ကျသွားခဲ့ပြီး ဆေးရုံတင်ထားရကြောင်း ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သီးခြားအနေနဲ့ နိုဝင်ဘာ ၈ ရက် မနက် ၁၀နာရီ ၅၃ မိနစ်က ကူမာမိုတိုဒေသမှာ အင်အား ၄ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဂျပန် မိုးလေဝသ ဌာနက ပြောပါတယ်။

ဒုတိယ ငလျင်ကြောင့် ပြင်းထန်တဲ့ ထိခိုက်ပျက်စီးမှု ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရှိမှု သတင်းတွေ ထွက်ပေါ် မလာသေးပါဘူး။

အဲဒီ အရှေ့တောင်ပိုင်း ဒေသမှာ ဇူလိုင်လက အင်အား ၇ ဒသမ ၁ အဆင့်ရှိ ငလျင် လှုပ်ခတ်မှုကြောင့် လူနေအိမ်တွေ ပျက်စီးပြီး လူ ၃၈ ဦး သေဆုံးခဲ့ပါတယ်။

ပစိဖိတ် ငလျင်ကြောပေါ်မှာ တည်ရှိတဲ့ ဂျပန်ဟာ နှစ်စဉ် ငလျင် အကြိမ်ရေ ရာပေါင်းများစွာနဲ့ ကြုံတွေ့ရလေ့ ရှိပါတယ်။

၂၀၁၁ ခုနှစ်မှာ အင်အား ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီလှိုင်းတွေဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၁၈၅၀၀ ပျောက်ဆုံးတာနဲ့ သေဆုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။

အဲဒီ ငလျင်ကြောင့် ဖူကူရှီမား နျူကလီးယား စက်ရုံလည်း ပျက်စီးခဲ့ရပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.