ဒါကာ ၊ နိုဝင်ဘာ ၉
ဘင်္ဂလားဒေ့ချ်က သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒကို ကြီးကြီးမားမား ပြန်လည် ချိန်ညှိမှုအတွင်း ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ရေးနဲ့ ပတ်သက်လို့ ရှည်ကြာနေတဲ့ လိပ်ခဲတည်းလည်း အခြေအနေကို ချိုးဖျက်ရေး မြန်မာ စစ်အစိုးရနဲ့ရော အာရက္ခတပ်တော် AA နဲ့ပါ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း တရားဝင် အတည်ပြုလိုက်ပါတယ်။
ရိုဟင်ဂျာ ပြဿနာနဲ့ ပတ်သက်လို့ နိုင်ငံ့ဗျူဟာ ဖော်ဆောင်ရေး အစိုးရက ကော်မတီ ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။
ဒီကော်မတီအရ ကျွန်မတို့အနေနဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေးတာတွေ အပြင် အာရက္ခတပ်တော်နဲ့ ဆက်သွယ်ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နေပါတယ်လို့ နိုဝင်ဘာ ၈ရက်က ဒါကာမြို့မှာ ကျင်းပတဲ့ မူဝါဒ ရေးရာ ဆွေးနွေးပွဲ တစ်ရပ်မှာ ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဝန်ကြီး ရှာမာ အိုဘာအေ့ အစ္စလာမ်က ပြောပါတယ်။
မြန်မာ ပြည်တွင်းရှိ အစုအဖွဲ့တွေက ရိုဟင်ဂျာတွေ ပြန်လာခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်နေကြတယ်လို့လည်းသူက ပြောပါတယ်။
ဒီလို ဆန့်ကျင်မှုကို တုံ့ပြန်ရေး နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် ဖိအားပေးရာမှာ ဘင်္ဂလားဒေ့ချ် နိုင်ငံရေးပါတီတွေ အားလုံး စည်းလုံးညီညွတ်ကြဖို့လည်း သူက တိုက်တွန်းထားပါတယ်။
ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ မိခင်မြေက ဖြစ်ကြောင်း တရားဝင် အသိအမှတ်ပြုရေးနဲ့ ပြန်သွားဖို့ မွေးရာပါ အခွင့်အရေးရှိကြောင်း နိုင်ငံတကာကို ဖိအားပေးရမယ်လို့လည်း ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
AA နဲ့ တရားဝင် ဆက်သွယ်ဆွေးနွေးနေကြောင်း လူသိရှင်ကြား အသိပေးတာက ဒါကာရဲ့ ပြတ်သားတဲ့ သံတမန်ရေး အဓိက ထားချက်ကို ဖော်ပြနေပြီး ရခိုင်ပြည်နယ်ရဲ့ ၁၇ မြို့မှာ ၁၄ မြို့ကို AA က သိမ်းပိုက်ထားနိုင်တဲ့ မြေပြင် အခြေအနေနဲ့ အညီ လုပ်ဆောင်တာ ဖြစ်ပါတယ်။
မိမိတို့အနေနဲ့ AA နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားရမှာ ဖြစ်ပြီး တိုက်ရိုက် ဖြစ်စေ ကြားခံ အဖွဲ့အစည်းကတဆင့် ဖြစ်စေ ညှိနှိုင်းရမှာ ဖြစ်တယ်လို့ ယာယီအစိုးရ အကြံပေးအရာရှိဟောင်း ဟူစိန်က ပြောပါတယ်။
ဒါကာအနေနဲ့ တရုတ်နိုင်ငံပါဝင်တဲ့ အဆိုပြုထားတဲ့ စီးပွားရေး ခရီးတစ်ထောက် စင်္ကြံအတွက် တက်တက်ကြွကြွ စူးစမ်းလေ့လာဖို့လည်း ဟိုစိန်က တိုက်တွန်းထား ပါတယ်။
ဘင်္ဂလားဒေ့ချ်ဟာ AAနဲ့ အရင်ကလည်း ဆက်သွယ် ညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့် တရားဝင် အတည်ပြုတာဟာ အခု ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
Ref:NEWAGE/DVB

