ဘန်ကောက် ၊ နိုဝင်ဘာ ၉
ထိုင်းနိုင်ငံ အနောက်ပိုင်းနဲ့ အရှေ့ပိုင်း နယ်စပ်တလျှောက် အခြေအနေနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ နေတဲ့ သတင်းအချက်အလက်ကြောင့် ထိုင်းပြည်သူများ စိုးရိမ်နေချိန် ထိုင်းတော်ဝင် စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝင်သိုင်း ဆူဗာရီက လုံခြုံရေး အစီအစဉ်တွေကို ချပြလိုက်ပါတယ်။
နယ်စပ် အခြေအနေတွေကို အများပြည်သူ အတိအကျ နားလည် သဘောပေါက်စေရေး သူက နိုဝင်ဘာ ၉ ရက်မှာ ရှင်းလင်းချက် ထုတ်ပြန်ခဲ့တာပါ။
မြန်မာနဲ့ အနောက်ပိုင်းနယ်စပ်မှာ ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ မြန်မာ စစ်တပ်နဲ့ အမျိုးမျိုးသော လက်နက်ကိုင် အဖွဲ့တွေကြား ဖြစ်ပွားနေတာ ဖြစ်ပြီး ထိုင်းနဲ့ မြန်မာနိုင်ငံကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ မဟုတ်ဘူးလို့ သူက ရှင်းလင်းထားပါတယ်။
ဒါပေမဲ့ ထိုင်းစစ်တပ်က မြန်မာ နယ်စပ်မှာ အင်အား ဖြည့်တင်းထားပြီး ကင်းလှည့်တာတွေ ပိုလုပ်နေသလို တစ်ရက်ကို ၂၄ နာရီပတ်လုံး စောင့်ကြည့်နေတယ်လို့ ဗိုလ်မှူးချုပ် ဆူဗာရီက ပြောပါတယ်။
တက်ခ်ခရိုင် မဲဆောက်ဒေသမှာ နယ်စပ်တလျှောက် ရာချာမာနု အထူးတပ်ဖွဲ့က နေ့ညမပြတ် ကင်းလှည့်စောင့်ကြည့်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
အရေးပေါ် အခြေအနေ ကြုံလာရင် ဒေသခံတွေကို ကူညီနိုင်မယ့် အစီအစဉ်တွေနဲ့ ဘေးကင်းရေး ဒေသတွေ ကြိုတင်ပြင်ဆင်ထား ဒေသဆိုင်ရာ အစိုးရ အာဏာပိုင်တွေနဲ့ အထူးတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်နေ ပါတယ်။
နယ်စပ် တစ်ဖက်က ကျည် ထိုင်းဖက်ခြမ်းကို ကျရောက်လာရင် ထိခိုက်တဲ့ အရပ်သားတွေကို အရေးယူပေါ် အကူအညီပေးရေးလည်း ထိုင်းအရာရှိတွေ စီစဉ်ထားပါတယ်။
ထိတွေ့မှုဆိုင်ရာ ဥပေဒစည်းကမ်းတွေနဲ့အညီ ထိုင်းက သတိပေး ပစ်ခတ်မှုတွေလည်း ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ယန္တယားတွေကတဆင့် မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေနဲ့ အသက်အိုးအိမ် စည်းဇိမ်တွေ အန္တရာယ် မကျရောက်အောင် သတိထားနေထိုင်ကြဖို့လည်း ထိုင်း စစ်တပ်က တိုက်တွန်းထားပါတယ်။
ကမ္ဘောဒီးယားနဲ့ အရှေ့ဖက် နယ်စပ်မှာ အခြေအနေကို ဆက်လက် စောင့်ကြည့်နေဆဲ ဖြစ်ပြီး ထိုင်း-ကမ္ဘောဒီးယား အခြေအနေဆိုင်ရာ ပူးတွဲ သတင်းအချက်အလက် စင်တာရဲ့ အကဲခတ်မှုကို အခြေခံပြီး ထိုင်းက စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
သင့်တော်မှု မရှိတဲ့ လှုပ်ရှားမှုတွေတွေ့ရင် ဒေသဆိုင်ရာ တပ်ဖွဲ့တွေက ထိတွေ့မှု ဖြစ်ပွားတဲ့ ဥပဒေစည်းကမ်းတွေအတိုင်း လှုပ်ရှား ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဒေသတွင်း စစ်တပ်တပ်ဖွဲ့ရဲ့ ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ယန္တယားတွေကတဆင့် ပြဿနာတွေကို ဖြေရှင်းဖို့ စီစဉ်ထားကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။
ကမ္ဘောဒီးယား နယ်စပ် အခြေအနေကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ကြောင်း ထိုင်းစစ်တပ်က အတည်ပြုပါတယ်။
မြန်မာ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လက်နက်ကြီးကျည်တချို့ ထိုင်းဖက်ခြမ်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပြီးနောက် ထိုင်းစစ်တပ်ကို တပ်လှန့်ထားပါတယ်။
တိုက်ပွဲတွေ လျှံထွက်မလာစေဖို့လည်း ထိုင်းက မြန်မာ စစ်တပ်ကို သတိပေးထားပြီး ထိုင်းဝန်ကြီးချုပ် အနုတင်က မိမိတို့ နယ်မြေတွေကို ကာကွယ်မယ်လို့ ကြွေးကြော်ထားပါတယ်။
ဒေသခံတွေအနေနဲ့ နယ်စပ်မှာ သံသယ ဖြစ်စရာ လှုပ်ရှားမှုတွေ တွေ့ရင် ဒေသဆိုင်ရာ အရာရှိတွေဆီ တစ်ရက်ကို ၂၄ နာရီ ပတ်လုံး သတင်းပေးပို့နိုင်ကြောင်းလည်း အရာရှိတွေက အသိပေးထားပါတယ်။
Ref:TheNationThailand

