ထိုင်းက ဆိုင်မြစ် မြစ်ရေမှာ အာဆင်းနစ် အဆိပ်ပါဝင်နေမှုကြောင့် ချင်းရိုင်ခရိုင်က ကျေးရွာ ၁၄ ရွာသို့ ရေပေးဝေမှု ဖြတ်တောက်

မယ်ဆိုင် ၊ နိုဝင်ဘာ ၇

ဆိုင်မြစ်မှာ အာဆင်းနစ် အဆိပ် ပါဝင်မှု အန္တရာယ်ကင်းတဲ့ စံနှုန်းထက် မြင့်မားနေပြီး ရေနောက်ကျိမှု အခြေအနေ ပုံမှန်မဟုတ်ဘဲ မြင့်တက်နေတာကြောင့် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ရှိ ကျေးရွာ ၁၄ ရွာသို့ မယ်ဆိုင်က ပိုက်ရေ ပေးဝေမှုကို ခရိုင် ရေပေးဝေရေး အာဏာပိုင်အဖွဲ့ (PWA) က သာမန်ထက် ၆၀ ရာခိုင်နှုန်း ဖြတ်တောက်ထားလိုက်ပါတယ်။

အဲဒီ မြစ်က ရေပေးဝေနိုင်မှု ၈၀ ရာခိုင်နှုန်းလောက်အထိ ပြန်လည် ရရှိလာခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။

နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီလောက်က မယ်ဆိုင်ဒေသ ဟွာဖိုင်အရပ် ဘမ်သမ် ဖာချွမ်မှာ ဆိုင်မြစ်ရဲ့အခြေအနေကို ချင်းရိုင် အုပ်ချုပ်ရေးမှူး ချူချစ် ပွန်ချိုင်က စစ်ဆေးခဲ့ပါတယ်။

သူနဲ့ အတူ စစ်ဆေးရာမှာ PWA နဲ့ ရေထုညစ်ညမ်းမှု ထိန်းချုပ်ရေး ဌာန အရာရှိတွေလည်း ပါဝင်ပါတယ်။

ဆိုင်မြစ် မြစ်ရေ လျော့ကျနေတာကြောင့် ညစ်ညမ်းပစ္စည်း သိပ်သည်းဆ ပိုများနေပြီး ထိခိုက်မှုရှိရာ ကျေးရွာတွေက ဒေသခံတွေ ရေလုံလုံလောက်လောက် မရ ဖြစ်နေပါတယ်။

အဲဒီ ခရိုင်အနေနဲ့ တုံ့ပြန်ရေး အစီအစဉ်တွေ ထိန်းချုပ်ထားပြီး အခြေအနေ တိုးတက်လာပြီလို့ ခရိုင်အုပ်ချုပ်ရေးမှူး ချူချစ်က ပြောပါတယ်။

PWA မယ်ဆိုင်ဌာနခွဲ မန်နေဂျာ ခွမ်ဆမ် ဆန်မာက နိုဝင်ဘာ ၅ ရက်က ဆိုင်မြစ်က နေ စက်နဲ့ စုပ်တင်တဲ့ ရေတွေဟာ ပုံမှန်မဟုတ်ဘဲ နောက်ကျိနေတယ်လို့ ပြောထားပါတယ်။

ကနဦး စမ်းသပ် စစ်ဆေးမှုတွေအရ အာဆင်းနစ် အဆိပ်နဲ့ ရွှံ့နွံ ပါဝင်မှုမြင့်မားနေကြောင်း ဖော်ပြထားပါတယ်။

ချင်းမိုင်ရှိ ဒေသဆိုင်ရာ သဘာဝပတ်ဝန်းကျင်နဲ့ ညစ်ညမ်းမှု ထိန်းချုပ်ရေး ရုံး အမှတ် ၁ ရဲ့ ရေအရည်အသွေး၊ လေနဲ့ ဆူညံမှု စီမံခန့်ခွဲရေးဌာနခွဲ ညွှန်ကြားရေးမှူး ပိယန်နု ဆူအန် ခမ်က ဆိုင်မြစ်ရဲ့ မြစ်ရေကို စစ်ဆေးရာမှာ သြဂုတ်လက စံနှုန်းထက် ၂၈ ဆ မြင့်မားနေတယ်လို့ ပြောပါတယ်။

အဲဒီနောက်ပိုင်းမှာ ညစ်ညမ်းမှု အတိုင်းအတာ လျော့ကျသွားခဲ့ပေမယ့် သာမန်ထက် မြင့်မားနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

မြစ်ညာပိုင်းမှာ မိုးများ ရွာသွန်းမှုကြောင့် ဓာတုပစ္စည်းများ မြစ်ကြောင်းထဲ ရောက်ရှိလာတာကြောင့် ဆိုင်မြစ် မြစ်ရေ ညစ်ညမ်းရတာ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

ဆိုင်မြစ်မြစ်ရေကို မသောက်ကြဖို့၊ ဟင်းချက်ရာမှာလည်း မသုံးကြဖို့၊ မြစ်ရေနဲ့ ရေခဲ မထုတ်ကြဖို့၊ မြစ်ထဲက ဖမ်းမိတဲ့ ငါးတွေကို မစားကြဖို့ မယ်ဆိုင် ဒေသခွဲ ၅ ခုက ဒေသခံတွေကို ထိုင်းရောဂါ ထိန်းချုပ် ကာကွယ်ရေးဌာနက သတိပေးထား ပါတယ်။

ဒေသဆိုင်ရာ အေဂျင်စီတွေက စစ်ဆေး အတည်ပြုပြီး ဖြစ်တဲ့ ရေတွေကိုပဲ သုံးကြဖို့နဲ့ ဒေသခံတွေကြား ပုံမှန်မဟုတ်တဲ့ ရောဂါ လက္ခဏာတွေ ဖြစ်ပေါ်လာတာ ရှိ၊ မရှိ ကျန်းမာရေး အရာရှိတွေက စစ်ဆေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

Ref:Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.