အဆန်စီယွန် ၊ နိုဝင်ဘာ ၇
နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော် သူတို့ရဲ့ ဘဏ်အကောင့်တွေထဲ ဝင်လို့ မရ ဖြစ်သွားစေခဲ့တဲ့ ဘဏ်စနစ် ပြိုလဲမှု ဖြစ်ပြီးနောက် ပါရာဂွေး သမ္မတ ဆန်တီယေဂို ပီနဲရာအား စွပ်စွဲ ပြစ်တင် ဖြုတ်ချပြီး နေအိမ် အကျယ်ချုပ် ဖမ်းဆီးထားလိုက်ပါတယ်။
သူ့ရဲ့ ပုဂ္ဂလိက စီးပွားရေး အကျိုးစီးပွားတွေနဲ့ ဆက်စပ်နေတဲ့ Ueno Bank ဟာ အခုသီတင်းပတ် စောစောပိုင်းက ပြိုလဲခဲ့ပြီးနောက် သမ္မတ ပီနဲရာရဲ့ ပါတီက အမတ်တွေ အပါအဝင် လွှတ်တော် အမတ်တွေက သူ့ကို ဖယ်ရှားရေး တညီတညွတ်တည်း မဲခွဲဆုံးဖြတ်ပြီး မိနစ်ပိုင်းအကြာမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
သမ္မတ ရာထူးကနေ ထွက်ပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် အဲဒီ ကမ်းလှမ်းချက်ကို လွှတ်တော် အမတ်တွေက လက်မခံဘဲစွပ်စွဲ ပြစ်တင်ပြီး မှားယွင်းတဲ့ လုပ်ရပ် လုပ်ဆောင်ခဲ့တယ်ဆိုပြီး စွဲချက်တင်ခဲ့ကြတာပါ။
ဒါကြောင့် သူ့အနေနဲ့ သမ္မတဟောင်းတွေကို အစဉ်သဖြင့် ခွင့်ပြုထားခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရုတ်သိမ်းခံလိုက်ရတဲ့ သဘော ဖြစ်ပါတယ်။
အဲဒီ ဘဏ်ကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီမှာ ပြီးခဲ့တဲ့နှစ်အထိ ရှယ်ယာတွေ ပိုင်ဆိုင်ခဲ့တဲ့ သမ္မတ ပီနဲရာက အမှား တစ်စုံတစ်ရာ ပြုလုပ်ထားတာ မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
ပီနဲရာ ရာထူးက ဖယ်ရှားခံရမှုဆီ ဦးတည်စေခဲ့တဲ့ စွပ်စွဲ ပြစ်တင်မှု စွဲချက်တွေက သူ့မှာ အကျိုးစီးပွား ပဋိပက္ခတွေ ရှိခဲ့ပြီး ဥပဒေဆိုင်ရာ ကြီးကြပ်မှုတွေကို ထိန်းချုပ် ခြယ်လှယ်ခဲ့ကြောင်း၊ ပင်စင် ရန်ပုံငွေတွေကို လမ်းကြောင်း ပြောင်းရယူခဲ့ပြီး ဗဟိုဘဏ် ပါဝင်တဲ့ အဖွဲ့အစည်း ဆိုင်ရာ ဖုံးကွယ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။
ယုံကြည်မှု ချိုးဖောက်မှု၊ သြဇာလွှမ်းမိုးမှုနဲ့ ဆွယ်တရားဟောမှု၊ ရန်ပုံငွေတွေကို မလျော်မကန် သုံးစွဲမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သူ့ကို နိုဝင်ဘာ ၇ ရက်မှာ စစ်ဆေးမေးမြန်းမှာ ဖြစ်ကြောင်း အစိုးရ ရှေ့နေ ဆီဗီယာ မာဂါရီတာ ဂွန်ဇာလက်ဇ် ဗက်စတာက ပြောပါတယ်။
ပီနဲရာရဲ့ လက်ထောက် ပက်ဒရို အယ်လီယာနာက ယာယီ သမ္မတအဖြစ် ကျမ်း သစ္စာ ကျိန်ဆိုခဲ့ပြီး အဲဒီ အရှုပ်တော်ပုံကြောင့် ထိခိုက်ခဲ့သူ သန်းပေါင်းများစွာကို စွန့်ပစ်ထားမှာ မဟုတ်ဘူးလို့ ကတိပြုထားပါတယ်။
ဘဏ္ဍာရေး ပြိုလဲမှု ရလဒ်ကြောင့် ခက်ခဲတဲ့ အချိန် ကာလ တစ်ခုကို ဖြတ်သန်နေရတဲ့ နိုင်ငံသားတွေအနေနဲ့ နစ်နာကြေး အပြည့်အဝ ရရှိမှာ ဖြစ်ကြောင်း ၂၀၂၈ ခုနှစ် အထိ သမ္မတ ရာထူးကို တာဝန်ယူသွားမယ့် အယ်လီယာနာက ပြောပါတယ်။
ပြိုလဲသွားတဲ့ ဘဏ်ကို ပါရာဂွေး ဗဟိုဘဏ်က သိမ်းလိုက်ပြီးနောက် ပါရာဂွေး နိုင်ငံသား ထက်ဝက်ကျော်ဟာ သူတို့ စုထားတဲ့ ငွေစု အကောင့်တွေထဲကို ဝင်လို့ မရ ဖြစ်ခဲ့ပါတယ်။
မြို့တော် လမ်းမတွေမှာ Ueno ဘဏ်က ငွေထုတ်ယူဖို့ ကြိုးပမ်းသူတွေ အများကြီး တန်းစီစောင့်ဆိုင်းနေကြတာကို နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်က တွေ့မြင်ခဲ့ရ ပါတယ်။
ငွေစုထားသူ ၃ သန်းလောက် သူတို့ရဲ့ ငွေစုအကောင့်နဲ့ ပင်စင်လစာ အကောင့်တွေထဲ ဝင်လို့ မရတော့တာကြောင့် အထူးသဖြင့် မြို့တော် အဆန်စီယွန်မှာ လူအများ ဒေါသ ထွက်ခဲ့ကြပါတယ်။
အဲဒါကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံ တစ်ဝန်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၅ ရက်က လမ်းမတွေပေါ်မှာ လူထောင်ချီ စုဝေးပြီး သူတို့ရဲ့ ငွေတွေကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
စောစောပိုင်း ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေ အသုံးပြု ဖြိုခွင်းခဲ့ပါတယ်။
သမ္မတ ပီနဲရာအပေါ် စွပ်စွဲ ပြစ်တင်မှုကို လွှတ်တော်အမတ် ၄၅ ဦးမှာ ၄၄ ဦးက ထောက်ခံခဲ့ပြီး လွှတ်တော် အမတ် တစ်ဦး ပျက်ကွက် စာရင်း ဝင်ခဲ့တယ်လို့ သိရပါတယ်။
Ref:BBC

