ဝါရှင်တန်၊ နိုဝင်ဘာ ၅
နိုဝင်ဘာ ၃ ရက် ညက မယုံနိုင်လောက်စရာ ရွေးကောက်ပွဲ ရလဒ်တွေကို ရီပက်ဘလေကန် ပါတီတွင်း ကနဦး အံ့သြမင်သက်မှုတွေဟာ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် အပေါ် ဒေါသထွက်မှုတွေအဖြစ် အလျင်အမြန် ပြောင်းလဲသွားခဲ့ပါတယ်။
တက္ကဆက်၊ ကန်းဆက်နဲ့ တောင်ကယ်ရိုလိုင်းနာတို့လို ရီပက်ဘလေကန် အမာခံ ပြည်နယ်တွေမှာ စိတ်ပျက်စရာ ကြုံခဲ့ရပြီး ဒီမိုကရက်တို့ အနိုင်ရရှိခဲ့ပြီးနောက် ရီပက်ဘလေကန် တချို့က ထရန့်အပေါ် ဒေါသ ထွက်နေကြပါတယ်။
ရှုံးနိမ့်မှုဟာ သူနဲ့ပဲ ဆိုင်ပြီး တခြား ဘယ်သူနဲ့မှ မဆိုင်ကြောင်း ဒါက သမ္မတ ထရန့်ကို လုံးဝ ဥဿုံ ငြင်းပယ်မှု ဖြစ်တယ်လို့ တက္ကဆက်ရှိ ထိပ်တန်း ရီပက်ဘလေကန် စည်းရုံးရေးမှူး ဘီးလ် မစ်လာက ပြောပါတယ်။
ရီပက်ဘလေကန် အများစုက အောက်လွှတ်တော်ကို ထိန်းချုပ်မှု ဆုံးရှုံးရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြပေမယ့် အထက်လွှတ်တော်ကို ဆက်လက် ထိန်းချုပ် နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။
ဒါပေမဲ့ ထရန့်က ဝါရှင်တန်မှာ ဆောက်လုပ်ရေး စီမံကိန်းတွေနဲ့ ပတ်သက်လို့ စွဲလမ်းစိတ်ရှိနေတာ၊ ထောက်ခံမှု လျော့ကျလာနေတာ၊ လူကြိုက်မများတဲ့ မူဝါဒတွေနဲ့ အတူ ရီပက်ဘလေကန်တွေကို ဆွဲချပစ်လိုက်တာ ဖြစ်တယ်လို့ တချို့က ပြောထား ပါတယ်။
အီရန် စစ်ပွဲ၊ အခွန်တိုးမြှင့် ကောက်ခံမှုတွေနဲ့ အစိုးရရဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နှင်းမှုတို့ အပေါ် ပြည်သူလူထုက သဘောမတူတာကြောင့် နိုဝင်ဘာလ အတွင်း အရမ်းဆိုးရွားတဲ့ အခြေအနေ တစ်ရပ် ဖန်တီးလာခဲ့တာ ဖြစ်တယ်လို့ အိမ်ဖြူတော် မဟာမိတ် တစ်ဦးက ပြောပါတယ်။
ထရန့် အပေါ် မကျေနပ်ချက်တွေဟာ ရီပက်ဘလေကန် ပါတီတွင်းမှာလည်း ရှိနေသလို သူ့အပေါ် ဒေါသထွက်မှု အရမ်း မြင့်မားနေတယ်လို့ သိရပါတယ်။
ထရန့်ဟာ အချိန် အတော်ကြာ နှုတ်ဆိတ်နေခဲ့ပြီး လွှတ်တော် နှစ်ရပ်စလုံး အတွက် ဒီမိုကရက်တို့ အနိုင်ရကြောင်း အဖြေထွက်လာပြီးနောက်မှ လူမှုမီဒီယာပေါ်မှာ သူက မိမိအနေနဲ့ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ခဲ့ရဘဲ တကယ်လို့ ဝင်ပြိုင်ခဲ့ရရင် မိမိတို့ သောင်ပြိုကမ်းပြို အနိုင်ရမှာ ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ပါတယ်။
၂၀၂၆ အတွင်း ဒီမိုကရက်တို့ အမတ်နေရာတွေ ပိုမို ရရှိခဲ့တာဟာ စံချိန်တင်ခဲ့တာ တင်သာမက ပါတီဟာ အောက်လွှတ်တော် အမတ်နေရာ ယှဉ်ပြိုင်မှု ဒါဇင်ပေါင်းများစွာမှာ အမှန်တကယ် အနိုင်ရရှိခဲ့ပြီး ဆယ်စုနှစ် များစွာကြာအောင် သူတို့ မယှဉ်ပြိုင်နိုင်ခဲ့တဲ့ ပြည်နယ်တွေမှာ အပါအဝင် အထက်လွှတ်တော် အမတ်နေရနဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးနေရာ ယှဉ်ပြိုင်မှုတွေမှာပါ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၃ ရက် မတိုင်ခင်အထိ ဒီမိုကရက်တို့ဟာ ၁၉၃၂ ခုနှစ်ကတည်းက ကန်ဆက် ပြည်နယ်မှာ အထက်လွှတ်တော် အမတ်နေရာ အနိုင်မရခဲ့ဖူးပါဘူး။
တက္ကဆက်မှာဆိုရင် ဒီမိုကရက်တို့ ပြည်နယ်တဝန်း အနိုင်မရခဲ့တာ ဆယ်စုနှစ် သုံးစုကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။
ရွေးကောက်ပွဲရက် မတိုင်ခင် သီတင်းတွေအလိုက ရီပက်ဘလေကန်တွေ ကျိန်းသေ အနိုင်ရမယ်လို့ ထင်ထားခဲ့တဲ့ တောင်ကယ်ရိုလိုင်းနားလို ရီပက်ဘလေကန် အမာခံ ပြည်နယ်တွေမှာလည်း ဒီမိုကရက်တို့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင် ထရန့်နဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်တို့ ရွေးကောက်ပွဲ မဲဆွယ်ပွဲ ဒါဇင်ပေါင်းများစွာ ပြုလုပ်ခဲ့ပါတယ်။
ထရန့်ရဲ့ မဟာမိတ်တွေကတော့ ရီပက်ဘလေကန် ပါတီ ရွေးကောက်ပွဲ ရှုံးနိမ့်မှု အတွက် ထရန့်ကိုပဲ တာဝန်ခံ ခိုင်းဖို့ဆိုတာ မျှတမှု မရှိဘူးလို့ ပြောထားပါတယ်။
Ref:BBC

