ဥရောပ စူပါမားကတ်တွေနဲ့အတူ ပြင်သစ် သွေးလှူဘဏ်တွေ ဆိုက်ဘာ တိုက်ခိုက်ခံရ

ပါရီ ၊ နိုဝင်ဘာ ၅

ဆွီဒင်ကနေ ဘယ်လ်ဂျီယံအထိ စူပါမားကတ်တွေရဲ့ ကွန်ပြူတာ စနစ်တွေကိုဟက်ကာတွေက တိုက်ခိုက်ခဲ့တဲ့ တချိန်တည်းမှာပဲ နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်ကြား ညပိုင်းမှာ ဆိုက်ဘာ တိုက်ခိုက်မှု တစ်ခုကြောင့် ပြင်သစ်ရှိ ဒေသဆိုင်ရာ သွေးလှူဘဏ် သုံးခုရဲ့ အအေးခန်းသေတ္တာတွေ ထိခိုက်ခဲ့ရပါတယ်။

အေးခဲ သိုလှောင်ခန်း စောင့်ကြည့်ရေးနဲ့ ထိန်းချုပ်ရေးစနစ် တချို့ ထိခိုက်ခဲ့ရတဲ့ ဆိုက်ဘာ လုံခြုံရေး ဖြစ်ရပ် တစ်ခုကြောင့် ပြင်သစ် သွေးလှူဘဏ် စနစ် EFS ရဲ့ ဒေသဆိုင်ရာ အဆောက်အဦ တချို့ ထိခိုက်ခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

အဲဒီ ဖြစ်ရပ်ကြောင့် သွေးထောက်ပံ့မှုအပေါ် ထိခိုက်မှု မရှိခဲ့ကြောင်းနဲ့ သွေးလိုအပ်တဲ့ အချိန်တိုင်းမှာ ၂၄ နာရီပတ်လုံး ဝန်ထမ်းတွေ ရှိကြောင်း EFS ပြောရေးဆိုခွင့်ရှိသူ ချာလေ ဒူဘို့စ်က ပြောပါတယ်။

အဲဒီ ပြဿနာတွေနဲ့ ပတ်သက်လို့ သတိပေးစနစ်နဲ့ သတိပေးထားခဲ့ပြီး သွေးတွေကို ကွန်ပြူတာစနစ်နဲ့ ချိတ်ဆက်ထားမှု မရှိတဲ့ တခြား အအေးခန်းသေတ္တာတွေဆီ ပြောင်းရွှေ့ထားခဲ့တယ်လို့ သူက ပြောပါတယ်။

တချိန်တည်းမှာပဲ ဟက်ကာတွေက ဥရောပ ၈ နိုင်ငံရှိ စတိုးဆိုင်တွေရဲ့ ရေခဲ သေတ္တာတွေ ထိခိုက်အောင် ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် လက်လီ အရောင်းဆိုင်တွေအနေနဲ့ အစားအစာ ပမာဏ များစွာကို စွန့်ပစ်ခဲ့ရပါတယ်။

စောစောပိုင်း သီတင်းသုံးပတ်လောက်က ပြင်သစ်နိုင်ငံရှိ စူပါမားကတ်ဒါဇင်ပေါင်းများကို ထိခိုက်စေခဲ့တဲ့ ဖြစ်ရပ် တစ်ခုနဲ့ အဲဒီ တိုက်ခိုက်မှုက ဆင်တူနေပါတယ်။

အခြေအနေကို နိုဝင်ဘာ ၄ ရက်မှာ ထိန်းချုပ်နိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားပြီး ထိခိုက်ခဲ့တဲ့ အအေးခန်းသေတ္တာတွေကို အဝေးက နေထိန်းချုပ် ဝင်ရောက်ခွင့်ကို ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း ဖြည့်စွက် ပြောဆိုထားပါတယ်။

တိုက်ခိုက်မှု ပြုလုပ်ခဲ့ပုံကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဘယ်ပစ္စည်းကိရိယာတွေ ထိခိုက်ဖွယ်ရှိသလဲ စနစ်တွေ ဘယ်အချိန်မှာ ဘေးအန္တရာယ်ကင်းကင်းနဲ့ ဝန်ဆောင်မှု ပြန်ပေးနိုင်မလဲဆိုတာကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။

စူပါမားကတ် ရာပေါင်းများစွာရှိ အအေးပေးစနစ်တွေကို ဟက်ကာတွေက ထိန်းချုပ်လိုက်တာကြောင့် မီးလောင်မှုနဲ့ အစားအစာတွေ ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့လက ပြောကြားခဲ့တဲ့ အလားတူ ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

ယူကရိန်းကို ရုရှားက ၂၀၂၂ ခုနှစ်မှာ ကျူးကျော် တိုက်ခိုက်ပြီး နောက်ပိုင်း လုံခြုံရေးဆိုင်ရာ တင်းမာမှုများ ပိုများလာနေချိန် ဆိုက်ဘာ တိုက်ခိုက်မှုတွေကြောင့် ချိတ်ဆက်ထားတဲ့ အခြေခံ အဆောက်အဦတွေမှာ အားနည်းချက်တွေ ရှိနေတာနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂအတွင်း စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.