ဆိုးလ်၊ နိုဝင်ဘာ ၅
ဟောမု့ဇ် ရေလက်ကြား ဖွင့်လှစ်ထားရေး ကူညီပေးမယ့် တပ်ဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ရေလက်ကြားအနီး ရေပြင်သို့ ရေပြင်ကင်းလှည့်ရေး လေယာဉ်နဲ့ ဖောက်ခွဲရေးပစ္စည်း ရှင်းလင်းရေး အဖွဲ့ စေလွှတ်သွားမှာ ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၅ ရက်မှာ ပြောပါတယ်။
အီရန် ရေပြင်မှာ စစ်ရေးအရ ကြားဝင် ဖြေရှင်းရေး တပ်ဖွဲ့ဝင်တွေ စေလွှတ်မှာ မဟုတ်ကြောင်း ဆိုးလ်က ပြောထားချိန်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ကမ္ဘာမှာ အရေးအပါဆုံး ရေကြောင်း ချုပ်ကွက်နေရာတွေထဲက တစ်ခုကိုဖြတ်သန်းနေတဲ့ စီးပွားဖြစ် သင်္ဘောတွေနဲ့ စွမ်းအင်ထောက်ပံ့မှုကို ကာကွယ်ရေး အတွက် တောင်ကိုရီးယားက ကြိုးပမ်းနေပေမယ့် တပ်ဖွဲ့ဝင်တွေ စေလွှတ်မှာ မဟုတ်ဘူးလို့ အရင်က တောက်လျှောက် ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တဲ့ အမေရိကန်-အီရန် စစ်ပွဲကြောင့် ဟောမု့ဇ် ရေလက်ကြားကို သင်္ဘောတွေ ဖြတ်သန်းရာမှာ အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။
စစ်ပွဲ မစတင်ခင်က သာမန် အချိန်တွေမှာ အဲဒီ ရေလမ်းကြောင်းကနေ ကမ္ဘာ့စွမ်းအင် ငါးပုံတစ်ပုံ ဖြတ်သန်း သယ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဆိုမာလီယာနိုင်ငံအလွန် ဧဒင် ပင်လယ်ကွေ့မှာ စီးပွားဖြစ် သင်္ဘောတွေကို ကာကွယ်ပေးနေတဲ့ ချီယွန်ဟေး ပင်လယ်ဓားပြ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ဆင်ရေး နယ်ပယ်ကို ဟောမု့ဇ် ရေလက်ကြားအထိ တိုးချဲ့ဖို့ တောင်ကိုရီးယား အစိုးရက စီစဉ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။
တောင်ကိုရီးယားက ဖျက်သင်္ဘော တစ်စီး၊ P-8 ရေပြင် ကင်းလှည့် လေယာဉ် တစ်စီး၊ ဖောက်ခွဲရေးပစ္စည်း ရှင်းလင်းရေး အဖွဲ့၊ လူမပါတဲ့ ရေပြင် သင်္ဘောတွေ၊ လူမပါတဲ့ ရေအောက်ယာဉ်တွေ၊ ရေအောက် လေ့လာရေး အဝေးထိန်း မောင်းနှင်တဲ့ ယာဉ်တွေ ချထားမှာ ဖြစ်ကြောင်း ယွန်ဟက်သတင်းဌာနက ဖော်ပြပါတယ်။
ယခုနှစ် နှစ်ကုန်ပိုင်းအထိ လုပ်ပိုင်ခွင့်အာဏာ ပေးထားတဲ့ ချီယွန်ဟေး တပ်ဖွဲ့ ချထားမှု တိုးချဲ့ရေးအတွက် လွှတ်တော်ရဲ့ ခွင့်ပြုချက် လိုအပ်မှာ ဖြစ်ကြောင်း အဲဒီ သတင်းဌာနက ဖော်ပြထား ပါတယ်။
အဲဒီ တပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ် အားဖြည့်တာဟာ မိမိတို့ နိုင်ငံသားတွေကို ကာကွယ်ရေးနဲ့ မိမိတို့ရဲ့ စီးပွားရေး အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေး အတွက် ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိ တစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။
အင်အားဖြည့်တင်းမှုဟာ တိုက်ခိုက်ရေး ရည်ရွယ်ရေးချက်တွေ မဟုတ်ကြောင်းနဲ့အဲဒီ အဖွဲ့ဟာ မဟာမိတ် တပ်ဖွဲ့နဲ့ သီးခြား အလုပ်လုပ်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လုပ်ငန်းစဉ်တွေကို အိုမန် တောင်ဖက် ရေပြင်အတွက်ပဲ ကန့်သတ်ထားမှာ ဖြစ်ပြီး ရေပြင် ကင်းလှည့်ရေး လေယာဉ်ကိုလည်း အီရန် နယ်နိမိတ်၊ နယ်နိမိတ်ဆိုင်ရာ ရေပြင်တွေ၊ ဟောမု့ဇ် ရေလက်ကြားထဲကို စောင့်ကြည့်ဖို့နဲ့ ပစ်မှတ်ထားဖို့ ခွင့်ပြုသွားမှာ မဟုတ်ကြောင်း အဲဒီကာကွယ်ရေးဝန်ကြီးဌာန အရာရှိကဆိုပါတယ်။
စစ်ရေးအရ ကြားဝင် စွက်ဖက်မှုဆီသို့ ဦးတည်သွားနိုင်တဲ့ ပုံစံမျိုးနဲ့ တပ်ဖွဲ့ဝင်တွေ စေလွှတ်သွားမှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေးမြောင်က စက်တင်ဘာလအတွင်း ထပ်မံအတည်ပြုထားပါတယ်။
မိမိတို့အနေနဲ့ အခုအချိန်အထိ စစ်ပွဲအတွင်း ကြားဝင် မပါရေး ကြားဝင် မစွက်ရေးမူကို ဆက်လက် ထိန်းသိမ်းရမှာ ဖြစ်ကြောင်း သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ရေလက်ကြားလုံခြုံရေး ကူညီဖို့ ချိန်ထိုး စဉ်းစားနေကြောင်း ပြောကြားထားတဲ့ တောင်ကိုရီးယားကို ဒီလို တပ်ဖွဲ့တွေ ချထားမှု မလုပ်ဖို့ အီရန်က သတိပေးထားပါတယ်။
Ref:AFP

