ဘန်ကောက် ၊ နိုဝင်ဘာ ၅
နိုဝင်ဘာ ၁၂ ရက်မှာ သွားရောက်မယ့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ထိုင်း လက်ထောက်ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ခက်ကွေးက အကြမ်းဖက် တိုက်ခိုက်မှု လျှော့ချရေး၊ ပဋိပက္ခတွေ နယ်စပ်ဖြတ်ကျော်
လျှံမထွက်လာစေရေး တိုက်တွန်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
နောက်ထပ် အာဆီယံနဲ့ ပြန်လည် စေ့စပ်ရေး မြန်မာနိုင်ငံရဲ့ အသင့်ရှိမှုကိုလည်း ဝန်ကြီး ဆီဟာဆက်က လေ့လာ အကဲခတ်သွားမှာ ဖြစ်ပါတယ်။
၁၁ ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး (MLC) ညီလာခံ တက်ရောက်ရေး နိုဝင်ဘာ ၄ ရက်က ဘေဂျင်းသို့ ရောက်ရှိခဲ့တဲ့ ဆီဟာဆက်က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ ၁၀ မိနစ်ကြာ ဖုန်းနဲ့ ဆက်သွယ်မှုအတွင်း စိုးရိမ်မှုတွေကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဖုန်းခေါ်ဆိုမှုအပြီး မီဒီယာသို့ ပြောကြားချိန်မှာ ဝန်ကြီး ဆီဟာဆက်က ထိုင်းအနေနဲ့ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို မြန်မာ စစ်တပ် တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းပြောဆိုခဲ့ပါတယ်။
နယ်စပ် တိုက်ပွဲတွေ တဖက် နယ်စပ်ကို ကျော်လွန်လာတာကြောင့် ထိုင်းနိုင်ငံကို ထိခိုက်စေခဲ့ပြီး ထိုင်းနိုင်ငံသား တချို့ ဒဏ်ရာရရှိခဲ့ ပါတယ်။
မြန်မာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေဟာ ထိုင်းနိုင်ငံသားတွေကို ထိခိုက်စေရမှာ မဟုတ်ဘဲ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ စစ်စခန်းတွေကိုလေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံ မထိခိုက်စေရဘူးလို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်ထားပါတယ်။
အဲဒီလို တိုက်ခိုက်မှုတွေကို နယ်စပ်နဲ့ တတ်နိုင်သမျှ အဝေးကြီးက လုပ်ဆောင်သင့်တယ်လို့ ဆီဟာဆက်က ပြောပါတယ်။
အထူးသဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ လျှော့ချရေး အာဆီယံ အဖွဲ့ ပြောထားတဲ့ စိုးရိမ်မှုတွေကို မြန်မာက တုံ့ပြန်ဖို့ ထိုင်းအနေနဲ့ အလိုရှိတယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲတွေ အရှိန်လျော့ကျလာရင် မြန်မာ့ ငြိမ်းချမ်းရေး အောင်မြင်ဖို့ လိုအပ်တဲ့ ဆွေးနွေးရေးနဲ့ ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အတွက် ပိုပြီး သဘောကျစရာ အခြေအနေ တစ်ရပ် ဖန်တီးနိုင်မှာ ဖြစ်ကြောင်း၊ အခြေအနေ တိုးတက်လာရင် အာဆီယံ အစည်းအဝေးတွေမှာ အနာဂတ် မြန်မာ ပါဝင်ရေး အာဆီယံ ခေါင်းဆောင်တွေ စဉ်းစားဖို့အတွက် အထောက်အကူ ပြုစေမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
လာမယ့် နိုဝင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ ဖိလစ်ပိုင်မှာ ကျင်းပမယ့် အာဆီယံ ညီလာခံ မတိုင်ခင် နေပြည်တော် အရာရှိတွေနဲ့ အဲဒီ ကိစ္စရပ်တွေ ဆွေးးနွေးရေး ဆီးဟာဆက်ဟာ နိုဝင်ဘာ ၁၂ ရက်မှာ နေပြည်တော်သို့ ၁ ရက်ခရီး သွားရောက်မှာ ဖြစ်ပါတယ်။
အာဆီယံ ခေါင်းဆောင်တွေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက အကြံပြုချက်တွေ မပြုလုပ်ခင် မြန်မာနိုင်ငံရဲ့ နောက်ဆုံး သဘောထား ရပ်တည်ချက်ကို ကြားနာရေး သမ္မတ မင်းအောင်လှိုင်နဲ့ တွေ့ဆုံသွားမှာ ဖြစ်ကြောင်းလည်း ဆီဟာဆက်က ပြောထားပါတယ်။
ထိုင်းရဲ့ စိုးရိမ်မှုတွေကို အသိအမှတ်ပြုကြောင်း ဝန်ကြီး ဦးတင်မောင်ဆွေက ပြောကြားပြီး နေပြည်တော် ခေါင်းဆောင်ပိုင်းဆီ တင်ပြပေးသွားမယ်လို့ ပြောကြားခဲ့ကြောင်း ဆီဟာဆက်က ပြောပါတယ်။
ထိုင်းနိုင်ငံကို ထိခိုက်စေနိုင်တဲ့ စစ်ဆင်ရေးမျိုးတွေကိုလည်း ရှောင်ရှားသွားမယ်လို့ မြန်မာဘက်က တုံ့ပြန်ထားတယ်လို့လည်း ဆိုပါတယ်။
ဒီအတောအတွင်း နယ်စပ် တိုက်ပွဲတွေကနေ လွင့်စဉ်လာတဲ့ ကျည်တွေ ထိုင်းဖက်ကို ကျရောက်လာပြီးနောက် ထိုင်း စစ်တပ်က မဲဆောက်အနီး နယ်စပ်မှာ မီးတောက်တွေ သတိပေး ပစ်လွှတ်ခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင်ကလည်း မိမိတို့ နယ်မြေကို ကာကွယ်သွားမှာ ဖြစ်ကြောင်း ကြွေးကြော်ထားပါတယ်။
Ref:Bangkokpost

