သရက်ချောင်း၊ နိုဝင်ဘာ ၄
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကညင်ချောင်းရွာအနီးရှိ ဘုတ်တောင်မှာ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ ညနေ ၃ နာရီလောက်မှာ အင်အား ၂၀၀ ကျော်ပါတဲ့ အာဏာသိမ်း စစ်တပ်က ဘုတ်တောင်ပေါ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ တစ်ညလုံးနီးပါး ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲဟာ နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲနဲ့အတူ စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ကညင်ချောင်း၊ သင်ပုန်းချောင်း၊ ဆိပ်ချောင်းရွာအပါအဝင် ကျေးရွာ ၅ ရွာက ပြည်သူ ၆၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ဘေးရှောင်တွေ ထွက်ပြေးချိန် ကားလမ်းပိုင်းကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက လုံခြုံရေးကြောင့် ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့အတွက် ရေလမ်းကနေ လှေတွေနဲ့ကူးပြေးရတာတွေ ရှိနေတယ်လို့ စစ်ရှောင်ပြည်သူ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် မိသားစုဝင် လေးဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

