နယ်စပ်တိုက်ပွဲကြောင့် မြန်မာစစ်သံမှူးကို ထိုင်းစစ်ဦးစီးချုပ် ခေါ်ယူသတိပေး

မြဝတီ၊ နိုဝင်ဘာ ၄

ထိုင်း-မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း ထိုင်းနိုင်ငံထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မြန်မာစစ်သံမှူးကို ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုဝင်ဘာ ၂ ရက်နေ့မှာ ခေါ်ယူသတိပေးလိုက်ပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိတဲ့ တိုက်ပွဲတွေမှာ ထိုင်းနိုင်ငံထဲ လက်နက်ကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံလူထုရဲ့ အသက်အိုးအိမ်ထိခိုက်ခံစားရမှုနဲ့ စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ထိုင်းနိုင်ငံထဲအထိပါ ထိခိုက်ပျက်စီးဆုံးရှုံးရမှုတွေကို ထိုင်းဘက်က ခေါ်ယူသတိပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်ဝင်းသူလင်းကို ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥကရစ်ဘန်တနွန်က နိုဝင်ဘာ ၂ ရက်နေ့က ထိုင်းဘုရင့်တပ်မတော်ဌာနချုပ်မှာ ခေါ်ယူပြီး သတိပေးပြောကြားခဲ့ပါတယ်။

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥကရစ်ဘန်တနွန်က မြန်မာဘက်ခြမ်းမှာ ပြုလုပ်တဲ့ ဘယ်စစ်ရေးလှုပ်ရှားမှုမျိုးမဆို သတိထားဆောင်ရွက်သင့်တယ်လို့ မြန်မာစစ်သံမှူးဖြစ်သူကို သတိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန် ရက်ပိုင်းတွေအတွင်း KNU တပ်မဟာ ၅ ထိန်းချုပ်ဒေသ ထိုင်းနယ်စပ် သံလွင်မြစ်ကမ်းအနီးက သော်လယ်ထ၊ ရာထ၊ မယ်နူထကျေးရွာတွေကို စစ်တပ်က တစ်ပတ်အတွင်း ပေါင် ၅၀၀ ပေါင် ၃၀၀ ဗုံးတွေနဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ ဒေသခံတွေ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုထဲက သော်လယ်ထရွာကို ဗုံးကြဲတိုက်ခိုက်မှုထဲမှာ ပေါက်ကွဲအားပြင်းထန်တဲ့အရှိန်ကြောင့် တဖက်ခြမ်း ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင်ခရိုင် မဲ့ဆလပ်ကျေးရွာရှိ လူနေအိမ်အဆောက်အဦးတွေ ဘုရားကျောင်းစတာတွေ ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသခံထိုင်းလူထုတွေ စိုးရိမ်မှုတွေ မြင့်တက်နေခဲ့ရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့နယ် မဟာဝမ်ကျေးရွာတဖက်ခြမ်း မြန်မာနိုင်ငံ မြဝတီမြို့နယ် မင်းလက်ပံဒေသမှာ တော်လှန်ရေးအင်အားစုနဲ့ စစ်တပ်တို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း လက်နက်ကြီးကျည်တွေဟာ ထိုင်းနိုင်ငံထဲ ဖြတ်ကျော်ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကာ လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့တာပါ။

မြန်မာနယ်စပ်တိုက်ပွဲအတွင်း ထိုင်းဘက်ခြမ်း လက်နက်ကြီးကျရောက်မှုကြောင့် ထိုင်းစစ်တပ်က သတိပေးပြန်လည်ပစ်ခတ်တာ၊ နယ်စပ်လုံခြုံရေး အထူးတိုးမြှင့်ထားသလို နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်သွားလာ အသုံးပြုနေတဲ့ စက်လှေဂိတ်တွေကိုလည်း တစ်ပတ်ကြာ ထိုင်းစစ်တပ်က ပိတ်သိမ်းလိုက်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.