အကျိုးစီးပွားအခြေပြု အမေရိကန်ရဲ့ မြန်မာ့အရေး မူဝါဒ ဘယ်လောက်ထိ မျှော်ကိုးလို့ ရနိုင်မလဲ

နေပြည်တော် ၊ နိုဝင်ဘာ ၄

အများပြည်သူသိရှိစေဖို့ ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အကျိုးစီးပွားအခြေပြု မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာစာတမ်းမှာ ဒီမိုကရေစီရေးနဲ့ အရပ်သားပစ်မှတ်ကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ရေးကိုတော့ ညွှန်းဆိုထားတာ မတွေ့ရပါဘူး။

ဒါပေမယ့် ၂၀၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ရရှိနိုင်ရေးကို ရည်မှန်းထားပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပါဝင်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆွေးနွေးပွဲတွေကို အမေရိကန်က အားပေးကူညီသွားမှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းမှုတွေကို အသုံးပြုပြီး ဒေသတွင်း ဩဇာလွှမ်းမိုးမှု တိုးချဲ့ဖို့နဲ့ မြေရှားသတ္တုတွေကို အမေရိကန်ကုမ္ပဏီတွေ လုပ်ကိုင်ခွင့်ရရှိနိုင်ဖို့ စီစဉ်နေတယ်လို့ နိုဝင်ဘာ ၂ ရက်မှာ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

မဟာဗျူဟာသစ်မှာ မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရေး၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ရေးနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးတို့ကို အဓိကဦးစားပေးလုပ်ငန်းတွေအဖြစ် သတ်မှတ်ထားတာပါ။

အထူးသဖြင့် ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်၊ နယ်မြေနယ်နိမိတ် သတ်မှတ်ရေးနဲ့ သက်ဆိုင်တဲ့ သဘောတူညီချက်တွေ ဒါမှမဟုတ် မူဝါဒအဆိုပြုချက်တွေ ထွက်ပေါ်လာစေဖို့ အဖွဲ့အစည်းစုံ ပါဝင်တဲ့ ဆွေးနွေးပွဲ အနည်းဆုံး သုံးကြိမ် ပြုလုပ်နိုင်ရေးကို ရည်မှန်းထားတာ ဖြစ်ပါတယ်။

ဒီလို ဆွေးနွေးမှုတွေကတစ်ဆင့် မြန်မာနိုင်ငံမှာ ပေါကြွယ်ဝတဲ့ မြေရှားသတ္တုအရင်းအမြစ်တွေကို ဝင်ရောက်ရယူနိုင်မယ့် အခွင့်အလမ်းတွေ ပေါ်ပေါက်လာနိုင်သလို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းရာမှာလည်း အထောက်အကူဖြစ်စေမယ်လို့ မဟာဗျူဟာစာတမ်းမှာ ဖော်ပြထားတာပါ။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးဆိုတဲ့အချက် မပါဝင်ဘဲနဲ့ လမ်းညွှန်ချက်တွေဟာ ခရီးရောက်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“ဒီမူဝါဒကြောင့်တော့ မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးဆိုတဲ့ဟာ မပါဘဲနဲ့တော့ တကယ့် အဓိက လမ်းညွှန်ချက်တွေ ဘယ်မှ ရောက်မယ်လို့ မထင်သေးပါဘူး။ ပြည်သူလူထုတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ထွန်းကားရေးဆိုတဲ့ ဦးတည်ချက်ကိုလည်း ဘယ်လိုမှ မမှေးမှိန်သွားနိုင်ဘူးလို့တော့ ပြောပါရစေ။ အဓိက အဲဒီအချက်ကိုတော့ အမေရိကန်ရဲ့ အကျိုးစီးပွားထက် ပြည်သူတွေရဲ့ လိုအပ်ချက်ကို ပိုပြီး အလေးပေးသင့်ပါတယ်။ တစ်ခုပဲ ထူးခြားတာက ငြိမ်းချမ်းရေးဘက်ကို ပိုတွန်းမှာပေါ့ဗျာ” လို့ ဆိုပါတယ်။

မဟာဗျူဟာစာတမ်းရဲ့ အဓိကအချက်တွေဖြစ်တဲ့ အွန်လိုင်းငွေလိမ်လည်မှု နှိမ်နင်းရေး၊ မြေရှားသတ္တု ရယူရေးနဲ့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို လျှော့ချရေးကလည်း လက်တွေ့မကျနေဘူးလို့ ဦးတိုးဇော်လတ်က ထောက်ပြပါတယ်။

အကြောင်းကတော့ စစ်တပ်နဲ့ မကင်းတဲ့ DKBA နဲ့ BGF တို့ အကာအကွယ်ပေးနေတဲ့ အွန်လိုင်းငွေလိမ်လည်မှုကို နှိမ်နင်းဖို့ မလွယ်ကူသလို မြေရှားသတ္တုကလည်း KIA ထိန်းချုပ်နယ်မြေအတွင်းရှိ ပန်ဝါနဲ့ ချီဖွေဒေသမှာ ရှိနေတာပါ။

ဒါ့အပြင် မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် မြန်မာ့နိုင်ငံရေးအကျပ်အတည်းဟာ နေပြည်တော်ကို ကျားကန်ပေးထားတဲ့ အိမ်နီးချင်း တရုတ်အစိုးရရဲ့ ခြယ်လှယ်မှုအတွင်းမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

ပြည်မကိုသာ ထိန်းချုပ်ထားနိုင်တဲ့ စစ်အစိုးရအနေနဲ့ကလည်း အတုအယောင်ရွေး‌ကောက်ပွဲကနေ အစိုးရအဖြစ် ဖွဲ့စည်းခဲ့ပေမယ့် အာဆီယံနဲ့ ကုလသမဂ္ဂတို့မှာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်နဲ့ အသိအမှတ်ပြုမှု မရရှိသေးတဲ့အပေါ် အမေရိကန်နဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ ကြိုးပမ်းနေတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့်စ်ဟာ မြန်မာစစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ စက်တင်ဘာလလယ်မှာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မဟာဗျူဟာစာတမ်း အတည်မပြုရသေးတဲ့ ဇွန်လအတွင်းမှာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နှစ်ဘက်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြသေးသလို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာလည်း ထပ်မံတွေ့ဆုံခဲ့ကြတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

လက်ရှိ ထုတ်ပြန်ထားတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာစာတမ်းကို အခုနှစ် ဩဂုတ် ၃၁ ရက်မှာ အတည်ပြုခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်ကနေတဆင့် အောက်တိုဘာ ၁၆ ရက်မှာ အများပြည်သူသိရှိအောင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က အိမ်နီးချင်း တရုတ်က ရပ်ကြည့်နေမှာ မဟုတ်လို့ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒဟာ လုံးဝ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“ဘုန်းကြီးရူးနဲ့လှေလူးနဲ့ တွေ့တာပဲ။ အမေရိကန်နိုင်ငံခြားရေးဝါဒ ဘုန်းကြီးရူးနဲ့ ဒီက (မအလ) လှေလူးနဲ့ သွားတွေ့တာပဲ။ လုံးဝ မအောင်မြင်နိုင်ပါဘူး။ ဘာလို့ဆို တရုတ်ပြည်က ဒီအတိုင်း ရပ်ကြည့်မနေဘူးလေ။ အခုပဲ လုပ်လိုက်ပြီလေ။ နယ်စပ်မှာ အကုန်ထုတ်ပေးလိုက်ပြီ။ လက်နက်တွေရော ယမ်းတွေရော ဆေးတွေရော ပစ္စည်းတွေ အကုန်လုံး ကြိုက်သလောက်သုံးကြ။ မင်းအောင်လှိုင် စွေ့စွေ့ခုန်တာ အဲဒီလို သွင်းတဲ့ ကုန်သွယ်ခွန်ကို သူတို့က တပြားမှ မရဘူးလေ”လို့ ဆိုပါတယ်။

မဟာဗျူဟာစာတမ်းရဲ့ ရည်ရွယ်ချက်မှာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးမဟာဗျူဟာနဲ့ အမေရိကန်ဦးစားပေး နိုင်ငံခြားရေးမူဝါဒဖြစ်ပြီး မြန်မာ့အရေးမှာ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ အာဆီယံ အပါအဝင် ဒေသတွင်းမိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ အသိပေးထားတာပါ။

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက စစ်အစိုးရနဲ့သာမက ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း ဆက်သွယ်ဆွေးနွေးမှုတွေ ပြုလုပ်ထားတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဒါပေမယ့် မဟာဗျူဟာစာတမ်းထဲမှာတော့ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးတို့ကို ချန်လှပ်ပြီး အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးကို တွန်းအားပေးထားတာပါ။

မဟာဗျူဟာစာတမ်းအရဆိုရင် ၂၀၃၀ ပြည့်နှစ်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိမယ်လို့ အာမခံထားတာ မဟုတ်ဘဲ အမေရိကန်အစိုးရက ချမှတ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်တစ်ခုသာ ဖြစ်ပါတယ်။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ဩဇာအာဏာတွေ ပြိုင်ဆိုင်ကြတဲ့အခါ အကျိုးစီးပွားအပေါ်မှာသာ ရပ်တည်ပြီး မူဝါဒတွေ ချမှတ်တာဖြစ်လို့ တော်လှန်ရေးအတွက် အများကြီး မျှော်လင့်လို့ မရနိုင်ဘူးလို့ သုံးသပ်ပါတယ်။

ဒါကြောင့် အမေရိကန်နဲ့ တရုတ်ရဲ့ မူဝါဒအပြောင်းအလဲမှာ တော်လှန်ရေးဘက်က နိုင်ငံနဲ့ ပြည်သူတွေရဲ့ ရေရှည်အကျိုးစီးပွားအတွက် အဆင်ပြေနိုင်မယ့် နိုင်ငံခြားရေးမူဝါဒကို စဉ်းစားဆုံးဖြတ်ထားသင့်တယ်လို့ သူက ထောက်ပြပါတယ်။

“နိုင်ငံတကာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပေါ် အခြေခံပြီးတော့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးမှာလား ဒါမှမဟုတ် နိုင်ငံတကာဝါဒကို ကျင့်သုံးမှာလား ဒါမှမဟုတ် အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံပြီး နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးမလားဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ ရေရည်အကျိုးစီးပွား ပြည်သူတွေရဲ့ ရေရှည်အကျိုးစီးပွားအတွက် သေချာစဉ်းစားပြီး ဆုံးဖြတ်သင့်တယ်။ လက်ရှိ တရုတ်ရဲ့ ပေါ်လစီအချိန်းအပြောင်း အမေရိကန်ရဲ့ ပေါ်လစီအချိန်းအပြောင်းမှာ ကိုယ့်နိုင်ငံအတွက် တော်လှန်ရေးအတွက် ဘယ်အရာက အားသာတယ်ဆိုတဲ့ အားသာချက်တွေကို ရယူနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံ ကျွန်တော်တို့ ပြည်သူတွေ တော်လှန်ရေးအတွက် အကျိုးရှိမှာပါ”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ မဟာဗျူဟာစာတမ်းနဲ့ပတ်သက်ပြီး ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိပါဘူး။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အခြေတည်ထားတဲ့ NUG နဲ့ CRPH တို့ပါဝင်တဲ့ SCEF အနေနဲ့ကလည်း မူတစ်ခု ဗျူဟာတစ်ခုဖြစ်လို့ စစ်တပ်ကို တိုက်ခိုက်တာဖြစ်စေ ညှိနှိုင်းဆွေးနွေးတာဖြစ်စေ တစ်ဖွဲ့ချင်းစီ လုပ်မှာမဟုတ်ဘဲ အတူတကွ လုပ်ဆောင်သွားမယ်လို့ ခေါင်းဆောင်တချို့က ထုတ်ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.