မွန်လုံနယ်ဝန်ကြီးဟောင်း ဗိုလ်မှူးကြီးကျော်စွာမြင့်ကို အရေးယူဖို့ ရှိနေ

မော်လမြိုင် ၊ နိုဝင်ဘာ ၃

အာဏာသိမ်း စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ်အစိုးရရဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး နေရာကနေ အနားပေးခံရတဲ့ နယ်လုံ ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ကျော်စွာမြင့်ကို စစ်အစိုးရက အရေးယူဖို့ ရှိနေတယ်လို့ စစ်အစိုးရနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တရားမဝင် ကုန်သွယ်မှုတွေနဲ့ နာမည် ကြီးနေတဲ့ ဗိုလ်မှူးကြီး ကျော်စွာမြင့်ကိုတော့ စစ်အစိုးရက ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ အနားပေးခဲ့တာ ဖြစ်ပြီး အနားပေးပြီးနောက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရဲ့ အရန်အင်အားကို ပို့ဆောင်ခဲ့တာပါ။

လက်ရှိမှာတော့ ဗိုလ်မှူးကြီး ကျော်စွာမြင့်ကို စစ်အစိုးရက အရန်အင်အားကို ပို့ဆောင်ခဲ့ပေမယ့် သူတာဝန်ထမ်းဆောင်စဉ် ကာလအတွင်း တိုင်ကြားချက်တွေ အများအပြား ရှိတာကြောင့် အရန်အင်အားမှ ထုတ်ပယ်ကာ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီး ကျော်စွာမြင့်ကိုတော့ စစ်အစိုးရ အနေနဲ့ ဘယ်လို အရေးယူ ဆောင်ရွက်သွားမလဲဆိုတာကို မသိရပေမယ့် တရားမဝင် ကုန်သွယ်မှုတွေနဲ့ ပတ်သက်ပြီး ဆက်စပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင် နိုင်တယ်လို့ စစ်အစိုးရနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မွန်နယ်လုံ ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်ထက် ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ သူတာဝန် ယူခဲ့တဲ့ ၄ နှစ်ကျော်ကာလအတွင်း အရင် မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကြည်သိန်းနဲ့ ပူးပေါင်းပြီး တရားမဝင် လောင်းကစားဝိုင်းတွေကို အခကြေးငွေယူကာ တရားဝင်သဖွယ် ပြည်နယ် အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုခဲ့တာပါ။

ဒါ့အပြင် ကုန်သည်တွေရဲ့ ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင် ကုန်သွယ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပေမယ့် သူနဲ့ နီးစပ်တဲ့သူတွေကိုတော့ ငွေကြေး အများအပြားယူကာ တရားဝင်သဖွယ် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ သူတာဝန်ထမ်းဆောင်စဉ် ကာလအတွင်း လုံခြုံရေး အကြောင်းပြချက်နဲ့ မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး ငွေကြေး တောင်းခံမှုတွေ ပြုလုပ်စေခဲ့သလို ရရှိလာတဲ့ ငွေကြေးတွေထဲက အချိုးကျ ရယူခဲ့တယ်လို့ စစ်အစိုးရနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ဗိုလ်မှူးကြီး ကျော်စွာမြင့် နေရာကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က မွန်ပြည်နယ် လွှတ်တော်မှာ အရေးပေါ် အစည်းအဝေး ခေါ်ကာ ဗိုလ်မှူးကြီး ရဲထွဋ်နဲ့ အစားထိုးပြီး အတည်ပြု ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

တရားမဝင် ကုန်သွယ်မှုတွေနဲ့ နာမည်ကြီးတဲ့ ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ၄ နှစ်ကျော်ကာလ အတွင်း သိန်းပေါင်း သိန်းနဲ့ချီ ချမ်းသာသွားပြီလို့ စစ်အစိုးရနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုမှုတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.