နေပြည်တော် ၊ နိုဝင်ဘာ ၃
အာဆီယံအထူးကိုယ်စားလှယ် အပါအဝင် နိုင်ငံတကာသံတမန်တွေက စစ်အုပ်စုနဲ့ ပြန်လည်ဆက်ဆံလာတဲ့အခါ နိုင်ငံတကာအသိုင်းအဝိုင်းက တိုင်းတာသင့်တဲ့ တိုးတက်မှု ညွှန်းကိန်းတွေကို သတင်းစကားပါးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အောက်တိုဘာ ၃၁ ရက်မှာ အသိပေးလာပါတယ်။
စစ်အုပ်စု ခေါင်းဆောင်ရဲ့ နိုင်ငံတကာခရီးစဉ်တွေ၊ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတချို့က စစ်အုပ်စုနဲ့ ပြန်လည်ထိတွေ့ဆက်ဆံလာမှုတွေအပေါ် ပြည်သူတွေက တော်လှန်ရေးရဲ့ နိုင်ငံခြားရေးမျက်နှာစာအပေါ် စိုးရိမ်နေကြတာကို နားလည်ကြောင်း Facebook ကနေ လူထုကို အသိပေးပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တိုးတက်မှုတွေမှာ စစ်အုပ်စုက အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရပ်တန့်ခြင်း ရှိ မရှိ၊ လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ ရောက်ရှိခြင်း ရှိ မရှိ နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ခြင်း ရှိ မရှိ စတာတွေနဲ့ တိုင်းတာဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုတွေကို တိုင်းတာမယ်ဆိုရင် ခရီးစဉ် တစ်ခုနှစ်ခုနဲ့တင် တိုင်းတာလို့ မရကြောင်း နိုင်ငံတကာကို NUG အနေနဲ့သာမက ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF တို့ရဲ့ ရပ်တည်ချက်တွေနဲ့အတူ သတင်းစကားပါးနေတယ်လို့ အသိပေးခဲ့တာပါ။
ခရီးစဉ်တွေကနေတဆင့် စစ်အုပ်စုက နိုင်ငံရေးအရ အမြတ်မထုတ်သွားဖို့နဲ့ အမြတ်ထုတ်နိုင်ခြေရှိတယ်ဆိုတာကိုလည်း သတိထားကြဖို့နဲ့ ဒီအပေါ် ကျော်လွှားနိုင်ဖို့ကိုလည်း သတင်းစကားပေးနေတာရှိတယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။
နိုင်ငံတချို့ရဲ့ အကျိုးစီးပွားအခြေပြု ဆက်ဆံမှုကနေတဆင့် စစ်အုပ်စုအတွက် အထောက်အပံ့ဖြစ်လာနိုင်တဲ့အပေါ် အလေးနက်ထားပြီး ဘယ်လိုတွေ တုံ့ပြန်တားဆီးနိုင်မလဲဆိုတာ အချိန်နဲ့တပြေးညီ ပြင်ဆင်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံခြားရေး အခြေအနေတွေဟာ ခရီးစဉ်တွေ၊ တွေ့ဆုံပွဲတွေရဲ့ ဓာတ်ပုံတွေကနေ အခြေခံပြီး စစ်အုပ်စုဟာ တရားဝင်မှုရသွားပြီ နိုင်ငံတကာက အသိအမှတ်ပြုလိုက်ပြီဆိုတာမျိုး ကံသေကံမ အကဲဖြတ်လို့ မရနိုင်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။
စစ်အုပ်စုက မြန်မာနိုင်ငံနဲ့ ပြည်သူလူထုရဲ့ ကိုယ်စားပြုခွင့်ကို အတုအယောင်ရွေးကောက်ပွဲနဲ့ လွှတ်တော်တွေကနေတဆင့် အစားထိုးနိုင်မှု ရှိ မရှိ အဲဒီလုပ်ရပ်ကနေတဆင့် စစ်အုပ်စုကိုယ်တိုင် နိုင်ငံတကာရဲ့ ဖိအားတွေကို ကျော်လွှားနိုင်ပြီလားဆိုတာတွေကို မေးခွန်းထုတ်ထားတာပါ။
နိုင်ငံရေးအကဲခတ်တွေကလည်း စစ်အုပ်စုအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တရားဝင်အသိအမှတ်ပြုမှု ရရှိရေးဟာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် လက်တွေ့ အကျိုးရလဒ်ကို တိုင်းတာတာဖြစ်လို့ လက်ရှိအခြေအနေမှာ မလွယ်ကူသေးဘူးလို့ သုံးသပ်ထားကြတာ ဖြစ်ပါတယ်။
အခုနှစ်အတွက် NUG နိုင်ငံခြားရေးကဏ္ဍရဲ့ ရည်မှန်းချက်ဟာ စစ်အုပ်စုကနေ ပေါ်ထွန်းလာတဲ့ လွှတ်တော်နဲ့ အစိုးရကို နိုင်ငံတကာက တရားဝင်မှု မပေးဖို့နဲ့ အသိအမှတ်မပြုဖို့ဖြစ်ပြီး တော်လှန်ရေးဘက်က အင်စတီကျူးရှင်းတွေကို တရားဝင်မှု ပေးဖို့ ပန်းတိုင်ဖြစ်ကြောင်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။
အဲဒီရည်မှန်းချက်အတွက် စစ်အုပ်စုရဲ့ လွှတ်တော်ကို နိုင်ငံတကာက အသိအမှတ်ပြုနေပြီလား၊ ကုလသမဂ္ဂမှာ စစ်အုပ်စု ကိုယ်စားပြုခွင့် ရနေပြီလား၊ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ အတုအယောင်သမ္မတက တက်ရောက်ခွင့် ရပြီလား မရဘူးလား စတာတွေကို တိုင်းတာရမှာဖြစ်တယ်လို့ သူက ထောက်ပြထားတာပါ။
NUG ရဲ့ နိုင်ငံတကာကြိုးပမ်းမှုတွေဟာ လူထုအတွက် လူသားချင်းစာနာမှုအကူအညီတွေကို ခွဲခြားဆက်ဆံမှုမရှိဘဲ ရောက်ရှိနိုင်ဖို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တော်လှန်ရေးရဲ့ ရည်မှန်းချက်တွေအတွက် ပံ့ပိုးမှုတွေအဖြစ် အပြောင်းအလဲတွေ ရရှိဖော်ဆောင်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
နိုင်ငံတကာမျက်နှာစာမှာ ပြည်တွင်းရှိ နိုင်ငံရေး၊စစ်ရေး ဖြစ်ပေါ်တိုးတက်မှုတွေနဲ့အတူ မဟာဗျူဟာကျကျ ပေါင်းစပ်ညှိနှိုင်းနေပြီး ပြည်တွင်းပြည်ပ ကြိုးပမ်းမှုတွေကို သီးခြားစီ လုပ်ဆောင်လို့ မရကြောင်းကိုလည်း ပြည်သူလူထုကို အသိပေးပြောကြားထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

