ကရင်ပြည်နယ်နေ့ ပွဲတော်အတွက် မြို့ဝင်တံတားပိတ်ချိန် ပြောင်းလဲသတ်မှတ်

ဘားအံ၊ နိုဝင်ဘာ ၃

၇၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ နီးကပ်လာချိန်မှာ စစ်တပ် အသွင်းပြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့က ဘားအံမြို့နယ်အတွင်းရှိ သံလွင်တံတားနဲ့ ဒုံသမိတံတား ဖွင့်ပိတ်ချိန်တွေကို ကန့်သတ်ဖြေလျှော့လိုက်ပြီး အချိန်ပြောင်းလဲလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့နယ်နဲ့ မွန်ပြည်နယ် သထုံမြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းမကြီးပေါ်မှာရှိတဲ့ သံလွင်တံတား(ဘားအံ)ကို မနက် ၅ နာရီကနေ ည ၁၀ နာရီအထိ ဖြတ်သန်းသွားလာခွင့်လိုက်တာ ဖြစ်ပါတယ်။

မွန်နဲ့ ကရင်အစပ်ရှိ ဒုံသမိတံတားကိုတော့ မနက် ၅ နာရီကနေ ည ၈ နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။

အဲဒီတံတားနှစ်စင်းကို နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး အချိန်ပြောင်းလဲလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အရင်က နယ်မြေဒေသလုံခြုံရေးအခြေအနေကြောင့် သံလွင်တံတား(ဘားအံ)နဲ့ ဒုံသမိတံတားတို့ရဲ့ ဖြတ်သန်းသွားလာခွင့်အချိန်ကို ကန့်သတ်တားမြစ်ထားတဲ့အတွက် ဒေသခံတွေအနေနဲ့ သွားလာရေးမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေခဲ့ရပါတယ်။

ဒါပေမယ့် သံလွင်တံတား(ဘားအံ)က ညဘက် ၁၀ နာရီအထိ ဖြတ်သန်းခွင့်ရလာပေမယ့်လည်း ဒုံသမိတံတားကတော့ ည ၈ နာရီအထိသာ ဖြတ်သန်းခွင့်ရတာကြောင့် ဘာမှထူးမှာမဟုတ်ဘဲ ဒုံသမိတံတားရဲ့ ညပိတ်ချိန်ကိုလည်း သံလွင်တံတားပိတ်ချိန်နည်းတူ ည ၁၀ နာရီအထိ ထားရှိပေးဖို့ ပြည်သူတွေက ဆန္ဒရှိနေကြတာပါ။

သံလွင်တံတား(ဘားအံ)နဲ့ ဒုံသမိတံတား စစ်ဆေးရေးဂိတ်တွေက စစ်တပ်ပူးပေါင်းအဖွဲ့တွေဟာ ဖြတ်သန်းသွားလာနေတဲ့ ခရီးသွားပြည်သူတွေ လူငယ်လူရွယ်တွေ CDM တွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေ ငွေညစ်တောင်းယူတာတွေအပြင် ထိုင်းကုန်စည်တွေ ဖမ်းဆီးမှုတွေမှာလည်း တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေတဲ့ စစ်ဆေးရေးဂိတ်တွေဖြစ်ကြပါတယ်။

ကရင်ပြည်နယ်နဲ့ ကပ်ရက်ပြည်နယ်တစ်ခုဖြစ်တဲ့ မွန်ပြည်နယ်က သံလွင်တံတား(မော်လမြိုင်)၊ သံလွင်တံတား(ချောင်းဆုံ)နဲ့ အတ္ထရံတံတား(မော်လမြိုင်)တို့ရဲ့ ဖွင့်ချိန် ပိတ်ချိန်ကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကစပြီး မွန်ပြည်နယ်အစိုးရအဖွဲ့က ပြောင်းလဲသတ်မှတ်ခဲ့တာပါ။

ကရင်ပြည်နယ် စစ်အစိုးရဟာ လာမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာ ကျရောက်မယ့် ၇၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော် အတွက် ကန့်သတ်ဖြေလျှော့မှုအနည်းငယ် လုပ်ဆောင်ပြနေတာဖြစ်ပြီး ကရင်ပြည်နယ်နေ့ပွဲတော်ကိုလည်း စည်စည်ကားကားလုပ်ဆောင်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.