ရခိုင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၁၂ ဦးသေဆုံး

ကျောက်တော်၊ နိုဝင်ဘာလ ၂

ရခိုင်ပြည်နယ်က မြို့နယ်လေးခုမှာ တစ်ရက်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့အတွင်း ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနဲ့ ဝီရဌာနေ မြို့လေးမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာပါ။

မနေ့ညနေ ၅ နာရီခွဲအချိန်ခန့်မှာ ကျောက်တော်မြို့နယ်က ကျေးရွာချင်းဆက်သွယ်ထားတဲ့ တံတားနဲ့ မြောက်ဦးမြို့နယ်က ဆေးပေးခန်းတွေကို အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လမ်းသွားလမ်းလာပြည်သူနဲ့ မွေးကင်းစကလေးငယ်တစ်ဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ AA က ဆိုထားပါတယ်။

အလားတူ အဲဒီနေ့မှာပဲ ကျောက်ဖြူမြို့က စနဲမင်းပြင်ကျေးရွာနဲ့ ဝီရဌာနေမြို့ပေါ်က ရွာချောင်းကြီး ကျေးရွာတွေကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၈ ဦးနဲ့ အမျိုးသား ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်လေးခုရဲ့ အရပ်သားပြည်သူတွေ သွားလာရာ လမ်းတံတား၊ ဆေးရုံနဲ့ ဆေးပေးခန်းတွေအပြင် လူနေရပ်ကွက်တွေကို ရှေ့ဆင့်နောင်ဆင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်မှုကို ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်ရှိ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်အရပ်သား ပြည်သူ ၅၀ ဦး သေဆုံးခဲ့ပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.