စစ်အစိုးရ အာဆီယံထဲ ပြန်လည်ဝင်ဆံ့ရေး မလွယ်ကူသေး

နေပြည်တော် ၊ နိုဝင်ဘာ ၁

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အာဆီယံကနေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြောင်းအလဲလုပ်ဖို့နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံထဲ စစ်အစိုးရ ပြန်လည်ဝင်ဆံ့နိုင်ရေးဟာ မလွယ်ကူသေးဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်အစိုးရအနေနဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုကို အရင်းပြုပြီး အပိုင်းလိုက်ရွေးကောက်ပွဲကနေ အရပ်သားအသွင်နဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းထားပြီး အာဆီယံနဲ့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းလာနေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖိလစ်ပိုင်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် လာဇာရိုက မြန်မာနိုင်ငံကို လူသားချင်းစာနာမှုခရီးစဉ်အဖြစ် နှစ်ရက်ကြာ လာရောက်ခွင့် ရရှိခဲ့ပါတယ်။

အဲဒီခရီးစဉ်အတွင်း အောက်တိုဘာ ၂၈ ရက်မှာ ရှမ်းပြည်နယ် တောင်ပိုင်းက တောင်ကြီးမြို့ရှိ စစ်ရှောင်စခန်းတချို့က အကူအညီ လိုအပ်နေသူတွေကို သွားရောက်ခွင့်ရရှိခဲ့ပြီး အောက်တိုဘာ ၂၉ ရက်မှာတော့ ဘုံသဘောတူညီချက်နဲ့ပတ်သက်လို့ စစ်အစိုးရခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

အဲဒီတွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ မူလအခန်းကဏ္ဍနဲ့ အခွင့်အရေးတွေ ပြန်လည်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေအပါအဝင် မကြာမီကျင်းပမယ့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသလို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ အသိပေးထားတာပါ။

ဒါပေမယ့် အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့တာရှိပေမယ့် အခုခရီးစဉ်မှာလည်း အရာမထင်ခဲ့ဘူးဆိုတာ နှစ်ဘက်ထုတ်ပြန်ချက်တွေက သက်သေခံနေပါတယ်။

ဒီအပေါ် စစ်အစိုးရအနေနဲ့ အမှတ်အများကြီး လျော့သွားသလို ဘုံဘောတူညီချက်အရ အာဆီယံထဲ ပြန်လည်ဝင်ဆံ့ဖို့ မလွယ်သေးဘူးလို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က သုံးသပ်ပါတယ်။

“မြန်မာ (စစ်အစိုးရ) ကိုလည်း လောလောဆယ် (အာဆီယံထဲ ပြန်လည်ဝင်ဆံ့ရေး) အရမ်းစောပါတယ်။ ကာကွယ်ရေးဝန်ကြီး ရာပြည့်ပြောသလိုပေ့ါဗျာ။ ငြိမ်းချမ်းရေးအတွက် ဗုံးကြဲနေတယ်။ ဗုံးကြဲပြီးတော့ အာဆီယံထဲကို လွယ်လွယ်လေးနဲ့ ပြန်ရောက်မယ်လို့ မထင်သေးပါဘူး။ ဒါက ဘုံသဘောတူညီချက်နဲ့ ပတ်သက်ရင်ပေါ့။ အဖွဲ့ဝင်နိုင်ငံတစ်ခုချင်းစီရဲ့ Engagement ကတော့ နောက်ထပ် အများကြီး ဆက်ရှိလာပါလိမ့်မယ်။ ဒါပေမယ့် လောလောဆယ်တေ့ာ ကျွန်‌တော်ထင်တယ် ဒီလောက်လေးနဲ့တော့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရတဲ့အပေါ်မှာ အမှတ်အများကြီး လျော့သွားတယ်” လို့ ဆိုပါတယ်။

ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က အာဆီယံအဖွဲ့ဝင် ငါးနိုင်ငံကို သွားရောက်ခွင့်ရခဲ့တဲ့ ခရီးစဉ်တွေအတွင်း မြန်မာစစ်အစိုးရအနေနဲ့ အာဆီယံထဲ ပြန်လည်ဝင်ဆံ့နိုင်ရေးကို စည်းရုံးထားပြီး အဲဒီနိုင်ငံတွေကလည်း ကူညီထောက်ခံပေးသွားမယ်လို့ တုံ့ပြန်ထားကြတာပါ။

ဒါပေမယ့် အာဆီယံအသင်းကြီးတစ်ခုလုံးအနေနဲ့ ကိုယ်စားပြုပြီး ကြီးမာတဲ့ သက်ရောက်မှု ရှိမှာ မဟုတ်သလို အထူးကိုယ်စားလှယ်အနေနဲ့လည်း သူတို့သက်တမ်းအတွင်း မြန်မာ့အရေးအတွက် လုပ်ဆောင်နေပါတယ်ဆိုတာလောက်နဲ့ပဲ ရှိလိမ့်မယ်လို့ ဦးတိုးဇော်လတ်က ထောက်ပြပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံမှုအတွင်း စစ်အစိုးရက တည်ငြိမ်ရေးနဲ့ ဖွံဖြိုးရေး အကြမ်းဖက်မှုတိုက်ဖျက်ရေး ထာဝရငြိမ်းချမ်းရေး စတာတွေကို ကြိုးပမ်းအကောင်အထည်‌ဖော်နေတယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက ရှင်းလင်းတင်ပြထားတာပါ။

ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်လို့ အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဦးတည်ချက်တွေနဲ့အညီ ပူးပေါင်းဆောင်ရွက်နေမှုကိုလည်း အသိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို လာရောက်တဲ့ နောက်ဆုံးခရီးစဉ်အတွင်း လေ့လာသိရှိခဲ့ရမှုတွေကို လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို တင်ပြသွားမယ်လို့ ပြောပါတယ်။

ဒါကြောင့် အာဆီယံအတွင်း မြန်မာနိုင်ငံရဲ့ မူလအခန်းကဏ္ဍနဲ့ အခွင့်အရေးတွေကို ပြန်လည်ဖော်ဆောင်နိုင်မယ့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်နိုင်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပိုမိုပေးအပ်နိုင်ရေး ဆက်လက်ပူးပေါင်းသွားမယ်လို့ ပြောဆိုကြောင်း စစ်အစိုးရက သတင်းထုတ်ပြန်ထားတာပါ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နှစ်လကျော်အကြာမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆုံးဖြတ်ခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာ အလှည့်ကျဥက္ကဌ နိုင်ငံနဲ့ အထူးကိုယ်စားလှယ်တွေ ပြောင်းသွားပေမယ့် တိုးတက်လုပ်ဆောင်နိုင်မှု အရမ်းနည်းတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

ဘုံသဘောတူညီချက်ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတွေ စတင်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးရေး၊ ဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် ကြားဝင်ညှိနှိုင်းပေးနိုင်ဖို့ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးနဲ့ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်။

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက အာဆီယံဘုံသဘောတူညီချက်ဟာ ပြင်လွယ်ပြုလွယ်တဲ့ ကိစ္စမဟုတ်လို့ အာဆီယံမှာ စစ်အစိုးရ အပြည့်အဝ ပါဝင်ဖို့ ခက်နေဦးမယ်လို့ သုံးသပ်ပါတယ်။

“ဒီဟာကလည်း ရုတ်ချည်း ပြင်လွယ်ပြုလွယ်တဲ့ ကိစ္စတော့ မဟုတ်နေဘူး။ အဲဒီအတွက်ကြောင့်မို့ အာဆီယံအတွင်းမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်ဖို့အတွက်က ဘုံသဘောတူညီချက် ၅ ရပ်ကို ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်တယ်ဆိုတဲ့ဟာနဲ့ တိုင်းထွာပြီးတော့ လက်ခံမယ့် သဘောတော့ ရှိတယ်။ အဲဒီတော့ အဲဒီအခြေအ‌နေ သဘောအရဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ မင်းအောင်လှိုင်အစိုးရအနေနဲ့ အာဆီယံထဲမှာ အပြည့်အဝ ပါနိုင်ဖို့တော့ ခက်နေဦးမယ်လို့ ပြောလို့ရပါမယ်”လို့ ဆိုပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ်ကို ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်မလဲဆိုတဲ့ တွက်ချက်မှုနဲ့ အဲဒီအပေါ် တိုးတက်မှုကို အခြေခံပြီး မြန်မာကို ဆက်ဆံဖို့ ပြောကြားထားကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးက ပြောဆိုချက်ကို ကိုးကားပြီး ပြောပါတယ်။

ဒါကြောင့် မြန်မာ့အရေးမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာ အခရာကျတဲ့အတွက် ဖျက်လို့ရမှာ မဟုတ်သလို ပြန်ပြင်ဖို့ဆိုရင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ တူညီဆန္ဒကို လိုအပ်မယ်လို့ သူက ထောက်ပြထားတာပါ။

လူသားချင်းစာနာထောက်ထားမှုနဲ့ပတ်သက်လို့ အာဆီယံအထူးကိုယ်စားလှယ်က အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့နဲ့အတူ AHA Centre ကနေ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ အကူအညီနဲ့ စစ်အစိုးရ ထိန်းချုပ်ထားတဲ့ ဒေသတချို့ကိုသာ သွားရောက်ထောက်ပံ့ခွင့်နဲ့ လေ့လာခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ကျန်တဲ့ စစ်ဘေးသင့်ဒေသတွေထဲက တိုင်းရင်းသားအဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေပေမယ့် သွားရောက်ခွင့် မရရှိခဲ့ပါဘူး။

ဒီအခြေအနေမှာ စစ်အစိုးရ ထိန်းချုပ်မှုကနေတဆင့် ပူးပေါင်းဆောင်ရွက်မှုတွေဟာ အကူအညီလိုအပ်နေတဲ့ သူတွေဆီ အပြည့်အဝ မရောက်ရှိနိုင်ဘူးဆိုတာ နိုင်ငံအားလုံးက သဘောပေါက်တဲ့အတွက် ပြုပြင်ပြောင်းလဲနေပြီဆိုတာကို လက်ခံလို့ရဦးမှာ မဟုတ်သေးပါဘူး။

ဒါပေမယ့် စစ်အစိုးရကို ထောက်ခံတဲ့ နိုင်ငံတွေအနေနဲ့ ပြည်သူတွေကို အကာအကွယ်ပေးနိုင်ရေး လူသားချင်းစာနာထောက်ထားမှုကူညီရေးကိစ္စတွေကို အာဆီယံ AHA Centre နဲ့ ပူးပေါင်းနေပါတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတော့ ရသွားမယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။

တစ်ဘက်မှာ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာအ‌ကောင်အထည်ဖော်မှု ပျက်ကွက်ခဲ့လို့ စစ်ကောင်စီလက်ထက်ကနေ လက်ရှိ စစ်အစိုးရအထိ ထိပ်ပိုင်းခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် အာဆီယံက ပိတ်ပင်ထားတာပါ။

ဒါကြောင့် လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်အစိုးရဘက်က ထိပ်ပိုင်းခေါင်းဆောင် တက်ရောက်ခွင့် ရ မရ အပါအဝင် မြန်မာ့အရေးနဲ့ ပတ်သက်လို့ အလှည့်ကျဥက္ကဌဖြစ်လာမယ့် စင်္ကာပူလက်ထဲ လွှဲအပ်ပြီး ဘုံသဘောတူညီချက်ကို ဆက်လက်စွဲကိုင်ထားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.