လောင်းလုံးမှာ ရေကြီးမြေပြိုမှုအတွင်း သေဆုံးသူတွေ ထပ်မံတွေ့ရှိ

လောင်းလုံး၊ နိုဝင်ဘာ ၂

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း ရေကြီးမြေပြိုမှု ဖြစ်ပွားခဲ့ရာမှာ အချိန် တစ်လကျော်ကြာပြီးတဲ့အထိ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ထပ်မံရှာဖွေတွေ့ရှိနေရသေးတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့က ကဒက်ငယ်ထိန်ကျေးရွာကနေ အမျိုးသား အလောင်း ၁ လောင်းနဲ့ နိုဝင်ဘာ ၁ ရက်နေ့မှာ နောက်ထပ် အမျိုးသားအလောင်း ၁ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အပျက်အစီးကိုတော့ ဆက်လက်ရှင်းလင်းနေဆဲဖြစ်ပြီး အလောင်းပြန်မရတဲ့ မိသားစုဝင်တွေရဲ့ အကူအညီတောင်းခံမှုကြောင့် ရှင်းလင်းရေးလုပ်နေတဲ့အဖွဲ့တွေက လိုက်လံတူးဖော်ပေးရတာတွေ ရှိနေကြောင်း ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေကြီး မြေပြိုမှုဖြစ်ပွားတာ တစ်လကျော်ကြာ ကြာမြင့်လာပေမယ့် ရေကြီးမှုဖြစ်ပေါ်ခဲ့တဲ့ ကျေးရွာတွေအတွင်းမှာ ပျောက်ဆုံးနေသူတွေရှာဖွေတာ၊ အပျက်အစီးတွေကို ရှင်းလင်းတာတွေအပြင် ပြန်လည် ထူထောင်ရေးလုပ်ငန်းအတွက်လည်း လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်းမြို့နယ်တွေက ကျေးရွာပေါင်း ၁၀၀ ကျော်မှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံပြည်သူ ၄၀ ကျော်ရဲ့အလောင်းတွေ ပြန်ရှာတွေ့ထားသလို အလောင်းပြန်မရဘဲ ပျောက်ဆုံးနေသူတွေလည်းရှိနေတာပါ။

ဒါ့အပြင် နေအိမ် အဆောက်အဦပေါင်း ၁၀၀၀ နီးပါးပျက်စီးခဲ့သလို ကျေးရွာချင်းဆက်လမ်းနဲ့ပြည်ထောင်စုလမ်းတွေလည်း ပျက်စီးခဲ့ရပြီး ဒီကနေ့အထိရှင်းလင်းနေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.