အနားပေးခံရတဲ့ မွန်နယ်လုံဟောင်း ဗိုလ်မှူးကြီး ကျော်စွာမြင့် ပင်စင်ယူမယ်

မော်လမြိုင် ၊ နိုဝင်ဘာ ၁

ရာထူးကနေ အနားပေးခံလိုက်ရတဲ့ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ အရန်အင်အားမှ နှုတ်ထွက်ပြီး ပင်စင်ယူဖို့ ရှိနေတယ်လို့ စစ်အစိုးရနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ် သြဂုတ်လမှာ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

ဗိုလ်မှူးကြီး ကျော်စွာမြင့်ကိုတော့ စစ်အစိုးရက အောက်တိုဘာ ၃၁ ရက်နေ့မှာ ရာထူးကနေ အနားပေးပြီးနောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ အရန်အင်အားထံ ပို့ဆောင်လိုက်ပါတယ်။

အရန်အင်အား အပို့ခံရတဲ့ ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ ကျန်းမာရေး အကြောင်းပြချက်နဲ့ အငြိမ်းစား ပင်စင်ယူသွားဖို့ ရှိနေတယ်လို့ စစ်အစိုးရနဲ့နီးစပ်သူတွေက ဆိုပါတယ်။

ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ နယ်လုံဝန်ကြီးအဖြစ် သူတာဝန်ယူခဲ့တဲ့ ၄ နှစ်ကျော်ကာလအတွင်း အရင်မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကြည်သိန်းနဲ့ ပူးပေါင်းပြီး တရားမဝင် လောင်းကစားဝိုင်းတွေကို တရားဝင်သဖွယ် ခွင့်ပြုခဲ့တာပါ။

ဒါ့အပြင် ကုန်သည်တွေရဲ့ ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင် ကုန်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပေမယ့် သူနဲ့ နီးစပ်တဲ့သူတွေကိုတော့ ငွေကြေး အများအပြားယူကာ တရားဝင်သဖွယ် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ မြို့ဝင်၊ မြို့ထွက် နေရာတွေမှာ စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး ငွေကြေး တောင်းခံမှုတွေ ပြုလုပ်စေခဲ့သလို ရရှိလာတဲ့ ငွေကြေးတွေထဲက အချိုးကျ ရရှိခဲ့တယ်လို့ စစ်အစိုးရနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဗိုလ်မှူးကြီး ကျော်စွာမြင့် နေရာကိုတော့ အောက်တိုဘာ ၃၁ ရက်နေ့က ပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးမှာ ဗိုလ်မှူးကြီး ရဲထွဋ်ကို အတည်ပြုခန့်အပ်ခဲ့ပါတယ်။

တရားမဝင် ကုန်သွယ်မှုတွေမှာ နာမည်ကြီးတဲ့ ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ နယ်လုံဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၄ နှစ်ကျော် ကာလအတွင်း သိန်းပေါင်း သိန်းနဲ့ချီ ချမ်းသာသွားတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.