ကျိုက်ထို၊ နိုဝင်ဘာ ၁
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကျေးရွာနေ ပြည်သူတွေဟာ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း အန္တရာယ်ကို ဆိုးဝါးစွာ ခံစားနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ကျိုက်ထိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ အများအပြား အခြေချ လှုပ်ရှားနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ လေကြောင်း ဗုံးကြဲမှုတွေ နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ အောက်တိုဘာလ တစ်လအတွင်း ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ခုနှစ်ကြိမ်၊ ဒရုန်းနဲ့ဗုံးကြဲမှု ငါးကြိမ်း၊ လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၃၀ ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲမှုတွေကြောင့် တစ်လအတွင်း အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၀ ထက်မနည်း ပျက်စီးခဲ့ပါတယ်။
ကျိုက်ထိုဒေသခံ နှစ်ဦးက စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းရန်ကြောင့် မိသားစု ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရာမှာ အသက်အန္တရာယ် စိုးရိမ်နေရပြီး စစ်တပ်ဘက်က လက်နက်ကြီး မပစ်တဲ့နေ့ တစ်ရက်မှ မရှိဘူးလို့ ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ကျိုက်ထိုမြို့နယ်က ငှက်ပျောတော၊ ဇီးကုန်း၊ ချောင်းစောက်၊ မရမ်းကုန်း၊ ကျောက်ဖျာ၊ နတ်စင်၊ ခမောက်ခွေ၊ ပိန္နဲကုန်းနဲ့ ပျဉ်းကတိုးကုန်းကျေးရွာတို့ကို လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ အများဆုံး လုပ်ဆောင်ထားပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံပြည်သူ ၄၀၀၀ ထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်စာနာမှု အကူအညီတွေ လိုအပ်နေပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း ကျိုက်ထိုမြို့နယ်မှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းအန္တရာယ်ကြောင့် ဒေသခံပြည်သူတွေရဲ့ လုံခြုံမှုနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခက်အခဲ ပိုမိုကြုံတွေ့နေရတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

