သရက်ချောင်း၊ အောက်တိုဘာ ၃၁
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် မိသားစုဝင် ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ အောက်တိုဘာ ၃၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ မြိတ်လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ လေယာဉ် နှစ်စီးဟာ ကညင်ချောင်းကျေးရွာထဲကို ဗုံး လေးဗုံး ကြဲချသွားတာပါ။
အဲဒီဗုံးကြဲမှုအတွင်း ဗုံးသီးတစ်လုံးဟာ ကညင်ချောင်းကျေးရွာနေ နော်ဒါးဗလယ် နေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ဗုံးထိမှန်တာကြောင့် အသက် ၈၅ နှစ်အရွယ် နော်ဒါးဗလယ်၊ အသက် ၃၀ အရွယ် စောအောင်ကျော်မိုး၊ အသက် ၂၇ အရွယ် နော်ဒါးပိုး၊ အသက် ၁၅ နှစ်အရွယ် နော်အယ်ဘဘုဆိုးတို့ နေရာမှာတင် သေဆုံးသွားပါတယ်။
ဒါ့အပြင် နော်စီးရီးယားထူး၊ စောလင်းအောင်နဲ့ နော်ထွေးနဒီမိုးတို့လည်း ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးနဲ့ဆိုင်ကယ် ၂ စီး ပျက်စီးခဲ့ပါတယ်။
KNU မြိတ်ထားဝယ်ခရိုင် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကတော့ ဒီဗုံးကြဲမှုဟာ ကညင်ချောင်းကျေးရွာကို စစ်တပ်စစ်ကြောင်း ဝင်ရောက်ဖို့ လေကြောင်းကနေ ကနဦး ဗုံးကြဲတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ဗုံးကြဲခံရပြီးနောက်မှာတော့ ကျေးရွာနေပြည်သူအားလုံးဟာ နောက်ထပ်ဗုံးကြဲခံရမှာစိုးရိမ်ပြီး ရွာလုံးကျွတ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် စုံစင်ကျေးရွာမှာ အာဏာသိမ်း စစ်တပ်ရဲ့ ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

