ပွင့်ဖြူမြို့နယ်မှာ စိတ်ကျန်းမာရေးချို့တဲ့သူ တစ်ဦး မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရ

မကွေး အောက်တိုဘာ ၃၁

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စိတ်ကျန်းမာရေးချို့တဲ့သူ အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဦးသောင်းငွေဆိုသူဟာ သမန်းရင်း သုသာန်အနီးမှာ မိုင်းနင်းမိတာပါ။

“ဒဏ်ရာရတဲ့ အခြေနေကတော့ များတယ်ပြောတယ်။ ဖြတ်ရမဖြတ်ရတော့ မသိသေးဘူး။”လို့ သမန်းရင်းကျေးရွာသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုင်းနင်းမိတဲ့ ဦးသောင်းငွေကို ပွင့်ဖြူဆေးရုံကို ပို့ဆောင်ထားပြီး ယမ်းစတွေကို ဖယ်ရှားပေးနေတယ်ဖြစ်ပြီး နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးဘူးလို့ဒေသခံတွေက ပြောပါတယ်။

သမန်းရင်းသုသာန်အနီးမှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံတွေ အဓိကလှုပ်ရှားကြတဲ့အတွက် စစ်တပ်ရဲ့မိုင်းဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

သမန်းရင်းကျေးရွာကို အောက်တိုဘာ ၁၉ ရက်ကတည်းက အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပျူစောထီးနဲ့ စစ်တပ်တို့ တပ်စွဲနေရာယူထားတာဖြစ်ပြီး သမန်းရင်းကျေးရွာအနီးမှာ ဘန်ကာတွေ ဆောက်လုပ်နေထိုင်နေကြတာပါ။

အာဏာသိမ်းစစ်တပ် လက်အောက်ခံတွေဟာ သမန်း​​ရင်း​ကျေးရွာက ပြည်သူပိုင်ဖုန်းတွေ သိမ်းဆည်းတာနဲ့ ပြည်သူတချို့ကို ခေါ်ယူစစ်ဆေးတာတွေရှိပေမဲ့ ဖမ်းဆီးတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.