စစ်မှုထမ်းပြဿနာ စစ်တပ်နဲ့ အစိုးရအပေါ် လွှတ်တော်တွေ ထိန်းကျောင်းလိုစိတ်ရှိရဲ့လား

နေပြည်တော် ၊ အောက်တိုဘာ ၃၁

ပြည်သူလူထု သောကပွေနေရတဲ့ ပြည်သူ့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ အစိုးရအပေါ် လွှတ်တော်တွေက ထိန်းကျောင်းနိုင်စွမ်းနဲ့ ထိန်းကျောင်းလိုစိတ်ရော ရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ ISP-Myanmar က ထောက်ပြလာပါတယ်။

၂၀၂၆ ခုနှစ် မတ်လကနေ အောက်တိုဘာလအထိ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွေမှာ စစ်အစိုးရကို မေးခွန်းပေါင်း ၄၉၅ ခု ထက်မနည်း မေးခဲ့တဲ့ထဲမှာ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်တဲ့ မေးခွန်း သုံးခုသာ ရှိခဲ့ပါတယ်။

အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တွေမှာတော့ တကြိမ်မှ မေးမြန်းဆွေးနွေးခဲ့တာ မရှိဘူးလို့ အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် စတဲ့ ပြည်နယ်လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခုစီနဲ့ မေးမြန်းမှု ငါးခုသာ ရှိခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေကိုကြည့်ရင် ပြည်သူအများစု ထိတ်လန့်နေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ခေတ္တဆိုင်းငံ့ဖို့ဆိုတာထက် ဥပဒေ၊ နည်းဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကို ထိန်းကျောင်းပေးဖို့နဲ့ အယုတ်အလတ်အမြတ်မရွေး စစ်မှုထမ်းရေးကိုပဲ အလေးပေးခဲ့တာပါ။

မေးမြန်းမှုတွေကို ဖြေဆိုကြတဲ့ ကာကွယ်ရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူနဲ့ မန္တလေးတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးတို့ရဲ့ အဖြေတွေမှာ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေဖို့နဲ့ နိုင်ငံတော်ကို ကာကွယ်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်တွေ ပေးခဲ့ကြပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက် အကောင်အထည်ဖော်မယ်ဆိုတဲ့ သဘောတွေပဲ တွေ့ရပြီး ရွေးကောက်ပွဲကာလအတွင်းမှာ ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီအများစုက အဲဒီဥပဒေနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုတာ ရှားသလို လက်ရှိမှာလည်း လွှတ်တော်မှာ ဆွေးနွေးကြတာ အလွန်နည်းတယ်လို့ ဆိုပါတယ်။

မွန်ဒေသခံ ပြည်သူတစ်ဦးက ကိုယ်စားလှယ်တွေကိုယ်တိုင်က အဘက်ဘက်ကို အကြောက်ရတဲ့အတွက် ထိုင်ခုံမြဲဖို့ တချို့အဆိုတွေကို နည်းနည်းပါးပါး တင်သွင်းရုံနဲ့ ပြီးသွားမယ့် အခင်းအကျင်းလို့ သူ့အမြင်ကို ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ဒုက္ခသုက္ခတွေကို အကုန်လုံး ပြည်သူတွေ ပူးပေါင်းပါဝင်တဲ့ အခင်းအကျင်းတစ်ခု ဒါမှမဟုတ်လည်း နိုင်ငံတကာကနေပြီးတော့ ဝိုင်းပံ့ပိုးတဲ့ အခင်းအကျင်းလေးတစ်ခုဆိုမှပဲ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ဒီမိုကရေစီအစိုးရစစ်စစ်တွေ ပေါ်လာတဲ့အခါကျမှပဲ ပြည်သူအကျိုးအတွက် ပြောလို့ဆိုလို့ရမယ်။ အခုကာလတော့ ကျွန်တော်တို့ ပြောလည်း အပိုပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်ကလည်း အကြောက်တရားမကင်းနေဘူး။ အစိုးရကိုလည်း ကြောက်ရတယ်။ အဘက်ဘက်လည်း သူတို့ ကြောက်နေတာ။ အဓိက လွှတ်တော်မှာ ထိုင်နေ တချို့အဆိုတွေကို နည်းနည်းပါးပါးတင်သွင်း ဒါနဲ့ပဲ ပြီးသွားမယ်ထင်တယ်”လို့ ဆိုပါတယ်။

ISP-Myanmar ကတော့ ဒီမိုကရေစီပုံစံ အရပ်သားအစိုးရဖြစ်ချင်လို့ ရွေးကောက်ပွဲလုပ် လွှတ်တော်တွေခေါ် ပြီး ဆွေးနွေးနေကြပေမဲ့ လူထုရဲ့ အကျပ်အတည်းနဲ့ နိုင်ငံအတွက် မျိုးဆက်နဲ့ချီတဲ့ အနုတ်လက္ခဏာအရွေ့ကြီးကို ရပ်တန့်ဖို့ အပေါ်ယံဆွေးနွေးမှုကိုတောင် လွှတ်တော်က မလုပ်နိုင်ရင် ပြည်သူကတခြား လွှတ်တော်ကတခြား ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရေရှည်မှာ ပြည်သူနဲ့ လွှတ်တော်ဟာ ပိုပြီး ကင်းကွာသွားနိုင်ခြေရှိတယ်လို့ ဖြစ်လာနိုင်ခြေတွေကို သတိပေးထားတာပါ။

စစ်တပ်ကလည်း အင်အားပြန်တည်ဆောက်ဖို့ အရေးပါတဲ့ ပြည်သူ့စစ်မှုထမ်းကိစ္စကို ရပ်တန့်လိုဟန် မရှိပါဘူး။

ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခမရှိတဲ့ မြို့ကြီးတွေနဲ့ ကျေးလက်ဒေသတွေမှာ စစ်သားသစ်စုဆောင်းတာကို နည်းပေါင်းစုံသုံးပြီး တိုးလုပ်မယ့် အခြေအနေဆီ ဦးတည်နေပါတယ်။

အခုဆိုရင် အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေဟာ မြို့ကြီးပြကြီးမှာပါ ပေါ်ပေါ်ထင်ထင် ဖြစ်လာနေတာကို အကြောင်းပြုပြီး အောက်ခြေကစလို့ အဆင့်ဆင့်မှာလည်း လာဘ်စားမှုတွေ လမ်းပွင့်သွားပါတယ်။

အဲဒီဒဏ်ကို လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ခါးစည်းခံနေရပြီး အိမ်နီးချင်းနိုင်ငံတွေဆီ ရွှေ့ပြောင်းလုပ်သားတွေအဖြစ် အစုအပြုံလိုက် ထွက်ခွာနေကြတာကလည်း ထိန်းမနိုင် သိမ်းမရဘူးလို့ ဆိုပါတယ်။

တဖက်မှာ လူငယ်ဘဝရဲ့ အစိတ်အပိုင်းတချို့ကို မိမိဆန္ဒမပါဘဲ စစ်မှုထမ်းလိုက်ရတဲ့အခါ တစ်ဦးချင်းစီမှာ စတေးလိုက်ရတဲ့အဖိုးအခတွေ ရှိလာသလို စစ်မှုထမ်းပြီးတဲ့လူငယ်တွေကို အလုပ်အကိုင်အခွင့်အလမ်း ဦးစားပေးဖန်တီးပေးတယ်လို့ ပြောပေမယ့် ဆုံးရှုံးလိုက်ရတဲ့ကာလတွေအတွက် ပြန်အစားထိုးဖို့ မလွယ်ကူပါဘူး။

ကိုယ့်နိုင်ငံသားအချင်းချင်းသတ်ဖြတ်ဖို့ အတင်းအဓမ္မ စေခိုင်းခံရတာအတွက် စွန့်လွှတ်မှု ကြီးလွန်းပြီး စစ်အာဏာသိမ်းချိန်ကစလို့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဖြစ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း အရပ်သား ၁၂,၈၉၃ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှု အစောပိုင်းကာလတွေမှာ လုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေအတွင်း ပစ်ခတ်ဖြိုခွင်းတာနဲ့ ဖမ်းဆီးခံရပြီးတဲ့နောက် စစ်ကြောရေးစခန်းတွေမှာ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေမှာလည်း အရပ်သား ၂,၁၈၃ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ISP-Myanmar ရဲ့ အချက်အလက်တွေက ဖော်ပြထားတာပါ။

ဒါဟာ ထင်သာမြင်သာရှိတဲ့ ဆုံးရှုံးမှုတွေထဲက ကိန်းဂဏန်းတချို့သာဖြစ်ပြီး ဒီထက်မကတဲ့ ဆုံးရှုံးမှုတွေ များစွာရှိနေပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီးနောက် ဖြစ်လာတဲ့ ဆုံးရှုံးမှုတွေကလည်း မိသားစုတွေအပေါ် သက်ရောက်မှု ကြီးမားနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်ခုလုံးအနေနဲ့ ခြုံကြည့်ရင် အာဏာအထိုင်မပျက်ရေးအတွက် ကိစ္စရပ်တစ်ခုကို မဖြစ်မနေ ရွေးချယ်လိုက်တဲ့အခါ ကျန်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ ထုတ်လုပ်မှုတွေအတွက် စွန့်လွှတ်ရမှုဟာ မလွဲမသွေ ရှိလာနေတာပါ။

ဒါဟာ နိုင်ငံအတွက် မျိုးဆက်နဲ့ချီတဲ့ အနုတ်လက္ခဏာအရွေ့ကို ဦးတည်နေတဲ့ အခြေအနေတွေကို ထိန်းကျောင်းဖို့ လွှတ်တော်တွေရဲ့ အခန်းကဏ္ဍကို အခုထိ မမြင်ရသေးဘူးလို့ ISP-Myanmar က အသိပေးထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.