မြဝတီတိုက်ပွဲကြောင့် နယ်စပ်ဂိတ်တွေကို ထိုင်းစစ်တပ် တစ်ပတ်ပိတ်

မြဝတီ၊ အောက်တိုဘာ ၃၀

ကရင်ပြည်နယ် မြဝတီနယ်စပ်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ အခြေအနေတွေကြောင့် ထိုင်းစစ်တပ်က နယ်စပ်ဂိတ်တွေကို အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့က မြဝတီမြို့နယ် မင်းလက်ပံကျေးရွာအနီး တော်လှန်ရေးအင်အားစုနဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းက ကျည်တွေဟာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဟာဝမ်ဒေသရှိ လူနေအိမ်တွေအပေါ် ကျရောက်ခဲ့တာပါ။

အဲဒီဖြစ်စဉ်မှာ အသက် ၅၅ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးဟာ သူ့ရဲ့နေအိမ်မှာ ပုန်းခိုနေစဉ် လက်နက်ကြီးကျည် ပေါက်ကွဲမှုကနေ လွှင့်စင်လာတဲ့ကျည်စထိမှန်ခဲ့ပြီး ဒဏ်ရာရရှိခဲ့ကာ မဲဆောက်ဆေးရုံဆီ ပို့ဆောင်ကုသပေးခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း ပေါက်ကွဲသံတွေဆက်တိုက်ကြားနေရတာကြောင့် နယ်စပ်ကျေးရွာတွေမှာ နေထိုင်သူတွေဟာ ဘေးလွတ်ရာကို အရေးပေါ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ဒီအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်းစစ်တပ်က မီးကျည်အသုံးပြုပြီး သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့သလို နယ်စပ်တစ်လျှောက်လုံခြုံရေး တိုးမြှင့်ချထားကာ စောင့်ကြည့်ကာကွယ်ရေးလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ ထိုင်း-မြန်မာ နယ်စပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးနဲ့ နယ်စပ်တစ်လျှောက်မှာရှိတဲ့ ထိုင်းဘက်ခြမ်းက စက်လှေဂိတ်တွေကို အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ ယာယီပိတ်ပင်သွားမယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

တစ်ပတ်ကြာ ပိတ်ပင်မယ့် နယ်စပ်တစ်လျှောက်က စက်လှေဂိတ်တွေဟာ နယ်စပ်နေပြည်သူတွေရဲ့ ကူးသန်းသွားလာရေး ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေး စတဲ့ အရေးကိစ္စတွေမှာ အသုံးပြုသွားလာနေရတဲ့ ဂိတ်တွေဖြစ်ကြပါတယ်။

အရင်တိုက်ပွဲတွေပြင်းထန်တုန်းကလည်း အခုလို နယ်စပ် စက်လှေဂိတ်တွေ ပိတ်ထားမှုကို ထိုင်းစစ်တပ်က လုပ်ဆောင်ခဲ့ပြီး တိုက်ပွဲပြန်လည်ငြိမ်သက်သွားတဲ့အချိန်မှာ ထိုင်းစစ်တပ်က ပြန်လည်ပြီးဖွင့်ပေးခဲ့ပါတယ်။

မြဝတီမြို့နယ် တောင်ဘက်မှာရှိတဲ့ မင်းလက်ပံ ဖလူးနယ်မြေကို စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် အောက်တိုဘာလကုန်မှာ စစ်တပ်က နောက်ထပ်တဖန် စစ်ကြောင်းထိုး တိုက်ခိုက်မှုတွေ ပြုလုပ်လာခဲ့တာကြောင့် KNLA တပ်မဟာ ၆ ဦးဆောင်ကွပ်ကဲတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.