မုဒုံမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရလို့သေဆုံး

မုဒုံ၊ အောက်တိုဘာ ၃၁

မွန်ပြည်နယ် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာအနီး ရော်ဘာခြံအတွင်းမှာ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားကို အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ရော်ဘာခြံလုပ်သားတွေက ရော်ဘာခြံဆင်းချိန်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမျိုးသားဟာ ဖမ်းဆီးခံရပြီးမှ သေနတ်နဲ့ ဦးခေါင်းကို အနီးကပ် ပစ်ခတ်ခံရပြီးနောက် ဦးခေါင်းပွင့်ထွက် ဒဏ်ရာနဲ့ သေဆုံးနေတာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ သုံးသပ်ချက်အရ သေဆုံးသူဟာ အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းကတည်းက ပစ်သတ်ခံထားရတာ ဖြစ်ပြီး အလောင်းတွေ့တဲ့နေရာဟာ ကျေးရွာ ကားလမ်းနဲ့တစ်မိုင်ခန့် ဝေးတာကြောင့် သေနတ်သံကြားရဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။

သေဆုံးသူရဲ့ အလောင်းနံဘေးမှာတော့ ကားဘီးရာ၊ နာမည်ဘက်အခြမ်းကို တစ်ပိုင်းဖြဲထားတဲ့ မှတ်ပုံတင် မိတ္တူတစ်ရွက်သာ တွေ့ရပြီး သေဆုံးသူနဲ့ပတ်သက်တဲ့ အခြားအချက်အလက် ဘာမှမတွေ့ရဘူးလို့ ဆိုပါတယ်။

အလောင်းတွေ့တဲ့နေရာကိုတော့ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ရဲအဖွဲ့တွေ လာရောက်စစ်ဆေးပြီး အလောင်းကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

မုဒုံနဲ့ သံဖြူဇရပ်အကြားမှာ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားတာ ရှိနေပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မွန်လက်နက်ကိုင်တပ်ဖွဲ့တွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.