သရက်ချောင်း၊ အောက်တိုဘာ ၃၀
စစ်ရေးပြင်းထန်နေတဲ့ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ အရပ်သားပြည်သူ တစ်ဦးကို စစ်တပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သတ်ဖြတ်ခံရသူဟာ ဝဲရစ်ရွာသား အသက် ၃၀ ကျော်အရွယ် ကိုဇော်ဦး ဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်နေ့က ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ဆုံပြီး ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
ဝဲရစ်ရွာသား ကိုဇော်ဦးကိုတော့ စစ်တပ်စစ်ကြောင်းက ဖမ်းဆီးပြီးနောက် သေနတ်နဲ့ ပစ်သတ်သွားတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုဇော်ဦးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ပစ်သတ်ခံထားရတဲ့နေရာကနေ ရွာသားတွေက သွားရောက်ကောက်ယူပြီး မီးသဂြိုလ်ပေးလိုက်ရတယ်လို့ သိရပါတယ်။
သရက်ချောင်းမြို့နယ်မှာ အောက်တိုဘာ နောက်ဆုံးအပတ်အတွင်း အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ အပြင်းအထန် ဖြစ်ပွားနေတာပါ။
အဲဒီတိုက်ပွဲကြောင့် ထောင်နဲ့ချီ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး အောက်တိုဘာ ၂၇ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် စုံစင်ကျေးရွာမှာ စစ်တပ်ရဲ့ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

