တရားရုံး ဆုံးဖြတ်ချက်ကြောင့် မြန်မာ ဒုက္ခသည် ၅၀၀၀ ကို ပြန်ပို့ရေး မလေးရှား ဆက်လက် ဆောင်ရွက်မယ်

Rohingya refugees sit inside a truck as they are taken by police, in front of the office of the U.N. Refugee Agency, after being evicted from their homes, at Kuala Lumpur Malaysia July 27, 2026. REUTERS/Hasnoor Hussain

ပူထရာဂျာယာ ၊ အောက်တိုဘာ ၃၀

မြန်မာ ဒုက္ခသည်တွေကို တရားဝင် လမ်းကြောင်းတွေကတဆင့် သူတို့ရဲ့ ဇာတိ နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရေး မလေးရှား အစိုးရအနေနဲ့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒါတွတ် ဆီရီ ဆိုင်ဖူဒင် နာဆူတီယံ အစ္စမေးလ်က ပြောပါတယ်။

မလေးရှားမှာ နေထိုင်ခွင့် ရရှိရေး လျှောက်ထားမှုတွေကို ပယ်ချတဲ့ တရားရုံး ဆုံးဖြတ်ချက်နဲ့အညီ ပြန်လည်ပို့ဆောင်ရေး ကြိုးပမ်းမှုတွေ ဆက်လက် ဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

တရားရုံးက တခြားပုံစံမျိုး မဆုံးဖြတ်ခဲ့ဘူးဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဒုတိယ ဒုက္ခသည် အုပ်စုကို ပြန်လည် ပို့ဆောင်ရေး နေရာချထားရေး မြန်မာ အစိုးရနဲ့ ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဝန်ကြီး ဆိုင်ဖူဒင်က ဆိုပါတယ်။

“ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်ကပဲ ရလဒ်ကို ဆုံးဖြတ်ပါစေ။ ပြောင်းပြန် ဆုံးဖြတ်ချက် မရှိသရွေ့ကတော့ ပြန်ပို့ရေး လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ မလေးရှားမှာ နေထိုင်ခွင့် လျှောက်ထားမှုတွေကို ပယ်ချလိုက်ပါတယ် ဒါကြောင့် ကျွန်တော်တို့ ပြန်လည်ပို့ဆောင်ရေး ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပါတယ်” လို့ သူက အတိအလင်း ပြောဆိုပါတယ်။

မြန်မာ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့် တောင်းခံသူ ၅၀၀၀ လောက်ကို ပြန်လည် ပို့ဆောင်ရေး ယာယီ ရပ်တန့်ထားချိန် မလေးရှားမှာ နေထိုင်ခွင့် လျှောက်ထားမှုတွေကို အထက် တရားရုံးက ပယ်ချခဲ့ကြောင်း မီဒီယာ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၈ ရက်မှာ တရားရေးအရ ပြန်လည် သုံးသပ်မှု ထွက်ပေါ်မလာခင် နိုင်ငံတွင်း နေထိုင်ခွင့် ခွင့်ပြုလို့ မရကြောင်းလည်း မလေးရှား သတင်းတွေမှာ ရေးပါတယ်။

ဒီအတောအတွင်း မြန်မာ ဒုက္ခသည်တွေ နေထိုင်နေတာကို ကိုယ့်သဘောနဲ့ ကိုယ် မဖြေရှင်းကြဖို့ အများပြည်သူကို ပြည်ထဲရေးဝန်ကြီးက တိုက်တွန်းထားပါတယ်။

ဒုက္ခသည် ပြဿနာတွေကြောင့် လူမှုစီးပွားရေး ပြဿနာများ ဖြစ်ပေါ်စေနိုင်ပေမယ့် အများပြည်သူအနေနဲ့အစွန်းရောက် လုပ်ရပ်တွေ ရှောင်ရှားကြရမှာ ဖြစ်ပြီး ဥပဒေထက် ကျော်လွန်တဲ့ လုပ်ရပ်တွေ မလုပ်သင့်ဘူးလို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ရဲတပ်ဖွဲ့က သူတို့ လုပ်စရာရှိတဲ့ တာဝန်တွေအတိုင်း လုပ်ဆောင်နေပြီး အများပြည်သူတွေအနေနဲ့ ရပ်ကွက်တွေထဲက နှင်ထုတ်တာမျိုးလို ကိုယ့်သဘောနဲ့ကိုယ် မဖြေရှင်းကြဖို့ လူဝင်မှု ကြီးကြပ်ရေး ဌာနတွေက တာဝန်ရှိတဲ့အတိုင်း ဆောင်ရွက်မှာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။

မလေးရှား အစိုးရရဲ့ သဘောထား ရပ်တည်ချက်နဲ့ ပတ်သက်လို့ နိုင်ငံတကာက ပြစ်တင် ဝေဖန် ရှုတ်ချမှုတွေ ရှိနေပေမယ့်လည်း မြန်မာနဲ့ သံတမန်ရေးအရ ဆွေးနွေးရေး ရွေးချယ်ထားကြောင်း ဝန်ကြီးချုပ် အန်ဝါက အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။

မလေးရှားမှာ ရှိနေတဲ့ မြန်မာ နိုင်ငံသား ဒုက္ခသည်တွေကို ကိုယ့်စရိတ်နဲ့ ကိုယ် ပြန်ခေါ်ယူဖို့ မြန်မာ အရာရှိတွေက သဘောတူထားကြောင်း မလေးရှား ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

လက်ရှိ အချိန်အထိ မြန်မာနိုင်ငံသား ၁၀၃၀၀ ခန့်ကို ပြန်လည် ပို့ဆောင်ထားပြီး နောက်ထပ် ၃၀၀၀ ကို ပြန်လည် ပို့ဆောင်ရေး အခုလအတွင်း စိစစ်မှုတွေ ပြုလုပ်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: Bernama

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.