မွန်နယ်လုံ ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ရဲထွဋ်ကို အတည်ပြုခန့်အပ်

မော်လမြိုင်၊ အောက်တိုဘာ ၃၀

စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ရဲထွဋ်ကို ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခန့်အပ်ခဲ့ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့ပါတယ်။

အတည်ပြုခန့်အပ်ခံရတဲ့ ဗိုလ်မှူးကြီး ရဲထွဋ်ဟာ အသက် ၄၉ နှစ်ရှိပြီး အလုပ်သင်ဗိုလ်လောင်း အပတ်စဉ် ၂၅ သင်တန်းဆင်း ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး ရဲထွဋ်ဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ အရန်အင်အားနဲ့ တွဲဖက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်တိုင်း လှည့်ကူးမြို့ ဇာတိ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး ရဲထွဋ်ဟာ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်အစား ခန့်အပ်ခံရသူ ဖြစ်ပြီး ဖခင်ဖြစ်သူကလည်း ဗိုလ်မှူးအငြိမ်းစား ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာ သုံးသပ်သူတွေကတော့ မွန်ပြည်နယ် နယ်လုံဝန်ကြီး အပြောင်းအလဲ ပြုလုပ်မှုဟာ စီနီယာ၊ ဂျူနီယာ ချိန်းတဲ့သဘောသာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရားမဝင်ကုန်သွယ်မှုတွေမှာ လာဘ်စားမှုကြောင့် ရားထူးကနေ အနားပေးခံလိုက်ရတဲ့ ဗိုလ်မှူးကြီး ကျော်စွာမြင့်ကိုတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ အရန်အင်အားထံ ပို့ဆောင်လိုက်တယ်လို့ စစ်အစိုးရနဲ့နီးစပ်သူတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.