တိုင်းပြည်ကို ချောက်တွန်းပြီး ကယ်တင်ရှင်အဖြစ် သမိုင်းမှတ်ကျောက်တင်ခံချင်တဲ့ စစ်အာဏာရှင်

နေပြည်တော် ၊ အောက်တိုဘာ ၃၀

တိုင်းပြည်ကို တကျော့ပြန် စစ်အာဏာသိမ်းမှုနဲ့ ချောက်ထဲတွန်းပို့ပြီးမှ ကယ်တင်ရှင်အဖြစ် နိုင်ငံ့သမိုင်းမှာ မှတ်ကျောက်တင်ခံနိုင်တဲ့ အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးပမ်းသွားကြဖို့ ကိုယ်တိုင်ခန့် သမ္မတ စစ်အာဏာရှင် ဦးမင်းအောင်လှိုင်က သူ့ရဲ့ လက်အောက်ငယ်သားတွေကို ပြောပါတယ်။

အောက်တိုဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဒုသမ္မတ နှစ်ဦးနဲ့ တပ်ချုပ် အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနဲ့ အဆင့်မြင့် စစ်အရာရှိကြီးတွေအပြင် အွန်လိုင်းကနေ တက်ရောက်ခဲ့ကြတဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို ပြောကြားခဲ့တာပါ။

အစိုးရတစ်ရပ်အနေနဲ့ တိုင်းပြည်သာယာဝပြောရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတို့ကို အမြဲမပြတ် ကြိုးပမ်း အကောင်အထည်ဖော် လုပ်ဆောင်ရတာလို့ အာဏာသိမ်းမှုကို အရင်းပြုထားတဲ့ ကိုယ်တိုင်ခန့် သမ္မတက ဆိုပါတယ်။

ဒီအပေါ် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရဖြစ်လာတဲ့ အခင်းအကျင်းနဲ့ ပတ်သက်ပြီး သူက ဝေဖန်အပြစ်ဖို့ထားတာပါ။

NLD အစိုးရက အတိုင်းအတာတစ်ခုအထိ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှု မရှိခဲ့တာကြောင့် ပြည်သူတွေက အာဏာရ အစိုးရနဲ့ ရွေးကောက်ပွဲအပေါ် အာရုံစိုက်မှု လျော့ပါးလာခဲ့ကြပြီး No Vote လှုပ်ရှားမှုတွေအထိ ဖြစ်ပေါ်လာခဲ့တယ်လို့ ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရရှိဖို့ မသမာတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ခဲ့မှုတွေကြောင့် မဲစာရင်းကွာဟမှုတွေ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းမှာ အမည်းစက်တစ်ခုအဖြစ် ထင်ကျန်စေခဲ့ကြောင်းကိုလည်း စွပ်စွဲပြောဆိုခဲ့တာပါ။

ဒီဖြစ်စဉ်တွေကို သင်ခန်းစာယူပြီး နိုင်ငံ့သမိုင်းမှာ မှတ်ကျောက်တင်ခံနိုင်တဲ့ အစိုးရတစ်ရပ်ဖြစ်စေရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနဲ့ နိုင်ငံရဲ့ ရေခံမြေခံကောင်းတွေ အရင်းအမြစ်တွေကို ပေါင်းစပ်အသုံးချကာ ကြိုးပမ်းလုပ်ဆောင်သွားရမယ်လို့ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက နိုင်ငံတကာဖိအားကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ဖြေလျှော့ပေးမယ့် ပုံစံဖြစ်ပေမယ့် ပျက်စီးသွားတဲ့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့ ကြာဦးမယ်လို့ သုံးသပ်ပါတယ်။

“လက်ရှိမှာ နိုင်ငံတကာရဲ့ ဖိအားနဲ့ မြန်မာ့နိုင်ငံရေးအခြေအနေကျတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သူက ဖြေလျှော့ပေးမယ့် ပုံစံမျိုးနဲ့ ဒီစကားကို ပြောထွက်တယ်လို့ ကျွန်တော် ထင်တယ်ခင်ဗျ။ အဲဒီလောက်ပြောထွက်ရုံနဲ့ တိုင်းပြည်က ပြန်လည်တည်ဆောက်ဖို့နဲ့ ငြိမ်းချမ်းရေးသွားဖို့ဆိုတာ ကြာဦးမယ်ဗျ။ အဲဒါကြောင့်မို့ သူက ဒီစကားကို အရင်ထုတ်လွှင့်ထားတာလို့ ကျွန်တော်ထင်တယ် ခင်ဗျ”လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်အနေနဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ အရပ်သားအစိုးရအဖြစ် စစ်ယူနီဖောင်းချွတ် တိုက်ပုံလဲဝတ်ခဲ့ပေမယ့် စစ်အာဏာရှင်စနစ်ဆိုးကိုတော့ အသွင်ပြောင်းပြီး နိုင်ငံ့အာဏာကို ဆက်လက်ချုပ်ကိုင်ထားတာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က စစ်အစိုးရအဖြစ် ဖွဲ့စည်းထားတာ ၆ လကျော်ကြာသည့်တိုင် စစ်အာဏာသိမ်းမှုအကျိုးဆက်တွေကြောင့် ကဏ္ဍပေါင်းစုံ အကျပ်အတည်းဆိုက်နေတဲ့ တိုင်းပြည်ရဲ့ ပြဿနာအရပ်ရပ်ကို မဖြေရှင်းနိုင်သေးပါဘူး။

နိုင်ငံခြားငွေ လိုအပ်ချက်နဲ့ သွင်းကုန် ထုတ်ကုန် မူဝါဒဆိုင်ရာ စီမံခန့်ခွဲမှု အလွဲတွေကြောင့် တိုင်းပြည်စီးပွားရေးကလည်း တစ်နေ့ထက်တစ်နေ့ ချွတ်ခြုံကျလာနေသလို ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ခါးသီးစွာ ရင်ဆိုင်နေကြရတာပါ။

ဒီအခြေအနေမှာ နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ကြဖို့နဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုလည်း မြှင့်တင်သွားဖို့ ဦးမင်းအောင်လှိုင်က အစည်းအဝေးမှာ သူ့လက်အောက်ငယ်သားတွေကို ညွန်ကြားခဲ့ပါတယ်။

ဒါ့အပြင် မွေးမြူရေးလုပ်ငန်းတွေ တိုးတက်မှု အားနည်းနေဆဲဖြစ်လို့ ကြိုးပမ်းကြဖို့ လိုအပ်ပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေ တိုးတက်စေဖို့ နိုင်ငံတော်ကနေ လိုအပ်တဲ့ ရင်းနှီး မတည်ချေးငွေတွေကို ထုတ်ပေးနေတယ်လို့ ပြောကြားထားတာပါ။

လေ့လာသူတွေကတော့ စစ်အစိုးရခန့် တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ ကန့်သတ်ထားတဲ့ နယ်မြေအတွင်းမှာသာ လုပ်ဆောင်နေကြရပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ငြိမ်းချမ်းအောင် ဘာမှ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်ထောက်ပြပါတယ်။

မွန်ဒေသခံ ပြည်သူတစ်ဦးက သူတို့အချင်းချင်းတောင် စားပေါက်မတည့်တဲ့အခြေအနေမှာ ပြည်သူလူထုအတွက် လုပ်ပေးနိုင်တာ ဘာမှမရှိသလို ကောင်းကျိုးတစ်နေရာမှာ မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုလုပ်တဲ့ ပုံစံက ဘာမှလည်း မဟုတ်၊ နောက်နိုင်ငံတကာ သွားတာလည်း အပြသက်သက်ပဲ။ သူတို့ကို ယုံကြည်အောင်ပဲ သွားနေတဲ့ ပုံစံ ဟန်ပြလောက်ပဲ သွားနေတာ။ ဒီအစိုးရက ဘယ်လိုမှလည်း အဆင်မပြေဘူးလေ။ အလားလာတော့ မရှိသလောက်ပဲ ဖြစ်နေတယ်။ သူတို့အချင်းချင်းတောင် စားပေါက်မတည့်ကြဘူး။
အကုန်လုံးကတော့ ခေါင်းကျက် ခေါင်းစား အမြီးကျက် အမြီးစားပုံစံဖြစ်နေတယ်။ နောက် ပြည်သူလူထုအတွက်က သူတို့ လုပ်ပေးနိုင်တာ ဘာမှ မရှိဘူးလေ။ ကောင်းကျိူးတစ်နေရာမှ မရှိဘူး”လို့ ဆိုပါတယ်။

စစ်အာဏာရှင်ကိုယ်တိုင် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီလို့ နိုင်ငံတကာကြားကောင်းအောင် ကြွေးကြော်ပြီး ပြည်တွင်းမှာတော့ အုပ်ချုပ်ခံပြည်သူတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ကန့်သတ်ခံနေရသလို လူ့အခွင့်အရေးများစွာ ချိုးဖောက်ခံနေရဆဲ ဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးမှုကလည်း အားနည်းနေတဲ့အတွက် နေ့ညမရွေး ဖောက်ထွင်းမှုတွေ ခိုးဆိုးလုနှိုက်မှုတွေကလည်း ဆိုးရွားလာနေသလို အင်အားလိုအပ်ချက်အရ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး လူငယ်လူရွယ်တွေကို ပြန်ပေးဆွဲတာနဲ့ ရောင်းစားတဲ့အခြေအနေအထိ ရောက်ရှိနေပါတယ်။

တစ်ဘက်မှာ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အကြောင်းပြပြီး လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်ရဲ့ တန်ပြန်စစ်ဆင်ရေးတွေဟာ အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်နေတာပါ။

အထူးသဖြင့် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းနေတဲ့ လုပ်ငန်းစဉ်တွေထဲမှာ ငြိမ်းချမ်းရေးအတွက် ကြိုတင်ကန့်သတ်ချက်မထားဘဲ တွေ့ဆုံဆွေးနွေးဖို့ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားအဖွဲ့တွေ ပါဝင်လာအောင် ဒေသခံပြည်သူတွေကတဆင့် ဖိအားပေးနေတာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ရောက်လာအချိန်မှာ ဖြစ်ပေါ်နေတဲ့ တိုင်းပြည်ရဲ့ အခြေအနေအရပ်ရပ်ဟာ စစ်အာဏာရှင်ကိုယ်တိုင် ရေးတင်တဲ့ မကောင်းတဲ့ သမိုင်းမှတ်ကျောက်တွေလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကောင်းတဲ့ မှတ်ကျောက်ရှိသလို မကောင်းတဲ့ မှတ်ကျောက်ရှိတယ်လေ။ ဒါပေမယ့် အခုသမိုင်းမှာဆိုရင်တော့ သူက မကောင်းတဲ့ မှတ်ကျောက်တင်ခံရမှာပေါ့။ ဘာလို့လဲဆိုတော့ လက်ရှိကာလက အာဏာသိမ်းပြီးနောက်ပိုင်း အခု ၆ နှစ်ရှိနေပြီ။ တိုင်းပြည်က အစိတ်စိတ်အမွှာမွှာပြိုကွဲသွားတာ သူ့ရဲ့ မှတ်ကျောက်ပဲလို့ မြင်တယ်။ သူက (စစ်အာဏာရှင် မင်း‌အောင်လှိုင်) စီမံခန့်ခွဲမှု အရမ်းကောင်းတဲ့အတွက် သူ့ရဲ့ မှတ်ကျောက်ပဲလေ။ အဲဒါ မကောင်းတဲ့နေရာမှာ သူတင်တဲ့ မှတ်ကျောက်လို့ ခေါ်တယ်ခင်ဗျ”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ၂၀၂၁ ကနေ ၂၀၂၆ အထိ အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၃၃၆၀ ကျော်အထိ ပြုလုပ်ခဲ့တယ်လို့ BNI-Myanmar Peace Monitor ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကနေ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အတည်ပြုထားတဲ့ စာရင်းတွေအရ ၂၀၂၁ စစ်အာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်ပါး‌စေတွေကြောင့် သေဆုံးသူ ၈၆၂၁ ဦး ရှိခဲ့တဲ့အပြင် လူ ၁၅၀၀၀ ကျော်လည်း ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။

ဒီလိုမျိုး အရပ်သားပြည်သူတွေရဲ့ အကျပ်ဆိုက်နေမှုနဲ့ တိုင်းပြည်ရဲ့ ပျက်စီးမှု ပကတိအရှိတရားဟာ စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ အာဏာရှင်စနစ်တည်မြဲရေးအတွက် နိုင်ငံ့သမိုင်းမှာ အကျည်းတန်ဆုံး အမည်းစက်ကို စွန်းထင်းကျန်ရစ်စေမှာ မလွဲဧကန်ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.