ဝါရှင်တန်၊ အောက်တိုဘာ ၃၁
ရုရှားရဲ့ အရှိန်မြင့်လာနေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ကာကွယ်ရေး အရေးတကြီး လိုအပ်နေတဲ့ လက်နက်ခဲယမ်းဖြစ်တဲ့ Patriot ဒုံးကျည် အစင်း ၅၀၀ ယူကရိန်းထံ ရောင်းချရေး အမေရိကန်က သဘောတူ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီ လက်နက်တွေ ပေးပို့ဖို့အတွက် နှစ်များစွာ အချိန်ယူရနိုင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သတိပေးထားပါတယ်။
PAC-3 (Patriot) အဆင့်မြင့် ကြားဖြတ်ပစ်ချရေး ဒုံးကျည်တွေရဲ့ ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ရှိမှာ ဖြစ်ပြီး ယူကရိန်းရဲ့ ဥရောပရှိ မဟာမိတ်တွေနဲ့ ကနေဒါတို့က ရာနှုန်းပြည့် ရန်ပုံငွေ ထောက်ပံ့ပေးမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။
ရုရှားရဲ့ ဖျက်အားပြင်း ပဲ့ထိန်း ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချနိုင်ရေး ထိရောက်တဲ့ တစ်ခုတည်းသော လက်နက်ဖြစ်တဲ့ Patriot ဒုံးကျည်တွေ အလျင်အမြန် ပေးပို့ရေး အမေရိကန်ကို သမ္မတ ဇီလန်စကီးက အောက်တိုဘာ ၃၀ ရက် ညမှာ ထပ်မံ တိုက်တွန်းထားပါတယ်။
နှစ်ဖက်ကြား ကြုံတောင့်ကြုံခဲ အပစ်အခတ် ရပ်စဲမှုအတွင်း ရုရှား သိမ်းပိုက်ထားတဲ့ အိုလက်ရှ်ခီမြို့က လူရာပေါင်းများစွာ ဘေးကင်းရာ ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။
ရုရှား ရေနံတွေကို ဝယ်ယူခွင့်ရရှိရေး သဘောတူညီမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ရုရှားအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်က ပယ်ဖျက်ပေးခဲ့တဲ့ အခုလ စောစောပိုင်းက ထရန့်နဲ့ ဇီလန်စကီးကြား မပြေမလည် ဖြစ်ခဲ့ပြီးနောက် အခုလို လုပ်ရပ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီမှု ရယူနိုင်ဖို့ ယူကရိန်း အနေနဲ့ ခေါင်းဆောင်အသစ် တစ်ဦး ရရှိဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း အမေရိကန် သမ္မတက ပြောထားပါတယ်။
မော်စကိုက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ယူကရိန်းကို ရာနှုန်းပြည့် စတင် ကျူးကျော် တိုက်ခိုက်ခဲ့ပြီး အရင်က ခရိုင်းမီးယားကျွန်းဆွယ် ဒေသနဲ့ ယူကရိန်း အရှေ့ပိုင်းရှိ ဒွန်ဘတ်စ် ဒေသကို ထိန်းချုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။
အောက်တိုဘာ ၂၀ရက်က အမေရိကန် ကိုယ်စားလှယ်တွေနဲ့ အော်စလိုမြို့မှာ ဇီလန်စကီး ဆွေးနွေးခဲ့ပြီးနောက် တင်းမာမှုတွေ လျော့သွားခဲ့ပါတယ်။
ကနေဒါ၊ ဂျာမနီနဲ့ နော်ဝေးနိုင်ငံတို့ရဲ့ လှူဒါန်းမှုတွေနဲ့ ဝယ်ယူတဲ့ ဒုံးကျည်တွေအတွက် ယူကရိန်းက ငွေကြေး ပေးဆောင်မှာ ဖြစ်ကြောင်း အီးယူရဲ့ ယူကရိန်း ထောက်ကူရေး ချေးငွေအဖွဲ့က ပြောပါတယ်။
အဓိက ရောင်းချမယ့် ကုမ္ပဏီကတော့ အမေရိကန် ကုမ္ပဏီ လော့ခ်ဟီး မာတင် ဖြစ်ပြီး အဲဒီ ရောင်းချမှုအတွင်း အမေရိကန် ရန်ပုံငွေတွေ ပါဝင်မှာ မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
Ref:BBC

