နယူးယောက် ၊ အောက်တိုဘာ ၃၀
ရာဇဝင်မှာ အကြီးမားဆုံး ကွန်ပြူတာ ကွန်ရက်ချိုးဖောက်မှု ဖြစ်နိုင်တဲ့ ထိခိုက်မှု တစ်ခုကြောင့် အမေရိကန် ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံ ဆုံးရှုံးခဲ့ရကြောင်း အင်တာနက် ငွေကြေး ခရစ်ပတိုကုမ္ပဏီ Binance က အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။
ကမ္ဘာမှာ အကြီးမားဆုံး အင်တာနက် ခရစ်ပတို ငွေကြေး လဲလှယ်ရေး ကုမ္ပဏီက ပိုင်ဆိုင်ထားမှု ထက်ဝက်လောက် သိမ်းယူခံရပြီး ငွေ အမြောက်အများဟာ ဟက်ကာတွေ လက်ထဲမှာ ရှိနေဆဲ ဖြစ်ပြီး ဆုံးရှုံးမှု အားလုံး ကုန်ကျခံပေးမှာ ဖြစ်ကြောင်း ပြောထားပါတယ်။
စောစောပိုင်း စစ်ဆေးမှုတွေအရ အင်ဂျင်နီယာ တစ်ယောက်ရဲ့ လက်ပ်တော့ပ် ကွန်ပြူတာစနစ် ယိုယွင်းသွားပြီး ဝက်ဘ်ဆိုက်က ခွင့်ပြုမထားတဲ့ ငွေ ထုတ်ယူမှုတွေကို ဟက်ကာတွေက အသုံးချလို့ ရခဲ့တာ ဖြစ်ကြောင်း Binance က ပြောပါတယ်။
၂၀၂၅ ခုနှစ်မှာ TraderTraitor လို့ ခေါ်တဲ့ မြောက်ကိုရီးယား ဟက်ကာ အဖွဲ့က Bybit ငွေလဲလှယ်ရေး လုပ်ငန်းကနေ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ ခိုးယူခဲ့မှုထက် အခု ခိုးယူမှုက ပိုများနေတယ်လို့ သုတေသန လုပ်ငန်း နှစ်ခုက အတည်ပြုပါတယ်။
AI စနစ်သုံး စုံစမ်းစစ်ဆေးရေး ကုမ္ပဏီ TRM Labs က Bybit ကွန်ပြူတာ ကွန်ရက် တိုက်ခိုက်ခံရမှု အပါအဝင် မြောက်ကိုရီးယားနဲ့ ဆက်စပ်တဲ့ အဖြစ်အပျက်တွေနဲ့ Binance တိုက်ခိုက်ခံရမှု ဆင်တူနေတယ်လို့ ပြောထားပါတယ်။
ဟက်ကာတွေက ခိုးယူထားတဲ့ ပိုင်ဆိုင်မှု အများစုကို ထိန်းသိမ်းထားဆဲ ဖြစ်ပြီး ခြေရာခံဖို့ ရန်ပုံငွေ ပြန်လည် ရယူဖို့ ကြိုးပမ်းမှုတွေ အများကြီး ဝေးကွာနေဦးမှာ ဖြစ်ကြောင်း လေ့လာသူတွေက ပြောထားပါတယ်။
အခုလို ကွန်ပြူတာ ကွန်ရက် ချိုးဖောက်မှု နောက်ကွယ်မှာ မြောက်ကိုရီးယား အဖွဲ့ ပါဝင်နိုင်တယ်လို့ ယုံကြည်ကြောင်း အင်တာနက် ငွေကြေး လေ့လာရေး လုပ်ငန်း Chainalysis က ပြောပါတယ်။
Binanceက မြောက်ကိုရီးယားနဲ့ ဆက်စပ်တဲ့ ခိုးယူမှု ဖြစ်တယ်လို့ တိုက်ရိုက် မပြောပေမယ့် ဥပေဒဆိုင်ရာ လက်တွဲဖော်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရာဇဝတ်ကောင်တွေကို ဖော်ထုတ်နိုင်ဖို့ ဥပဒေရှေ့မှောက် တင်သွင်းနိုင်ဖို့ ဆောင်ရွက်နေကြောင်း ပြောထားပါတယ်။
အဲဒီ ဝန်ဆောင်မှုဟာ အမေရိကန် နိုင်ငံသားတွေကြား ငွေလွှဲပို့ရေး အဓိက ဝန်ဆောင်မှု ပေးနေတာ ဖြစ်ပါတယ်။
Ref:BBC

