ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပေမယ့် ဘင်္ဂလားဒေ့ချ် အထည်ချုပ် စက်ရုံတွေ ပြန်ဖွင့်

ဒါကာ ၊ နိုဝင်ဘာ ၂

လုပ်ခလစာ တိုးပေးရေး အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ မငြိမ်သက်မှုတွေကြောင့် စောစောပိုင်းမှာ ဘင်္ဂလားဒေ့ချ် အထည်ချုပ် စက်ရုံ အများအပြား ပိတ်ထားခဲ့ရာကနေ ထုတ်လုပ်မှုတွေ အနှောင့်အယှက် ဖြစ်ခဲ့ရပြီးနောက် နိုဝင်ဘာ ၂ ရက်က ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။

ဒါပေမဲ့ ထုတ်လုပ်သူတွေက နောက်ထပ် မငြိမ်မသက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေဆဲ ဖြစ်ပါတယ်။

အထည်ချုပ်လုပ်ငန်းကဏ္ဍဟာ ဘင်္ဂလားဒေ့ချ် ရဲ့ပို့ကုန်တွေက နေ ရရှိငွေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုနေတာ ဖြစ်ပြီး အလုပ်သမား ၄ သန်းခန့်ကို အလုပ်ခန့်ထားတာ ဖြစ်ပါတယ်။

အဲဒီ လုပ်ငန်းကဏ္ဍက ဘင်္ဂလားဒေ့ချ် ပြည်တွင်းထုတ်ကုန် တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းလောက်အထိ ဝင်ငွေ ရှာပေးနေတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးဖြစ်ပေါ်နေတဲ့ မငြိမ်မသက်မှုတွေကြောင့် အဓိက ထုတ်လုပ်ရေး စုရပ်တွေမှာ လုပ်ငန်းလည်ပတ်မှုတွေ အနှောင့်အယှက် ဖြစ်ခဲ့ပြီး ကုန်တင်ပို့မှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။

တရုတ်နိုင်ငံပြီးနောက် ကမ္ဘာမှာ အထည်အဝတ် ဒုတိယမြောက် အများဆုံး တင်ပို့နေတဲ့ ဘင်္ဂလားဒေ့ချ်မှာ ဆန္ဒပြပွဲတွေကြောင့် ဝယ်သူတွေရဲ့ ယုံကြည်မှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဆန္ဒပြ အလုပ်သမားများက လစဉ် အနိမ့်ဆုံးလစာ တာကာ ၁၂၅၀၀ ကနေ တာကာ ၃၀၀၀၀ (ကန်ဒေါ်လာ ၂၄၃) တိုးပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အဲဒီ တောင်းဆိုမှုက စားဝတ်နေရေး စရိတ် ကြီးမြင့်မှုနဲ့ ရေရှည် ဖြစ်ပေါ်နေတဲ့ ငွေဖောင်းပွမှုတို့ကြောင့် ကြုံနေရတဲ့ ဖိအားတွေကို ထင်ဟပ်စေပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို ပြန်လည် သုံးသပ်ရေး အစိုးရက အဖွဲ့ဝင် ၆ ဦး ပါဝင်တဲ့ လစာဆိုင်ရာ ဘုတ်အဖွဲ့ကို နိုဝင်ဘာ ၁ ရက်က ဖွဲ့စည်းခဲ့ပေမယ့် ဆန္ဒပြပွဲတွေ ချက်ချင်း ငြိမ်သက်သွားစေဖို့ မတတ်နိုင်ခဲ့ပါဘူး။

နိုဝင်ဘာ ၁ ရက်က စက်မှုဇုံနေရာ တချို့မှာ အလုပ်သမားတွေက လမ်းတွေကို ပိတ်ထားခဲ့ပြီး မြို့တော် ဒါကာမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေ သုံးပြီး ဆန္ဒပြသူတွေကို လူစုခွဲဖို့ ကြိုးပမ်းခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း စစ်ပွဲနဲ့ ဆက်စပ်တဲ့ စွမ်းအင်ဈေးကွက် မရေရာမှုနဲ့ ကုန်ကျစရိတ် မြင့်မားမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စက်ရုံပိုင်ရှင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ချ် အထည်ချုပ် လုပ်ငန်း ထုတ်လုပ်သူများနဲ့ တင်ပို့သူများအဖွဲ့က မြို့များစွာမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကြောင့် စက်ရုံ ၅၂၉ ခု ပိတ်ထားခဲ့ရပြီး အလုပ်သမား ၁ သန်းနီးပါး ထိခိုက်ခဲ့ရတယ်လို့ ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.