ဖလော်ရီဒါမှာ ဂျက်လေယာဉ် ပျက်ကျ၊ လိုက်ပါသူ ၉ ဦးစလုံး သေဆုံး

ဖလော်ရီဒါ၊ နိုဝင်ဘာ ၂

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က လူနေရပ်ကွက်တစ်ခုအနီးမှာ အသေးစားဂျက်လေယာဉ်တစ်စီး အရှိန်ပြင်းပြင်းနဲ့ ထိုးဆင်းပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ် လိုက်ပါလာသူ ၉ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ နိုဝင်ဘာ ၁ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမထိုးခင်လေးမှာ ဖလော်ရီဒါပြည်နယ် ပလန်းဘိချ်ကောင်တီရဲ့ ဂရင်းအေကာစ်မြို့၊ ခရက်စ်တီယာဗန် ရပ်ကွက်အနီးမှာ ဖြစ်ပွားခဲ့တာပါ။

ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ Learjet 60 အမျိုးအစား ကိုယ်ပိုင်လုပ်ငန်းသုံးဂျက်လေယာဉ်ဖြစ်ပြီး တက္ကဆက်ပြည်နယ် အော်စတင်မြို့ကနေ ဘဟားမားစ်နိုင်ငံကို ပျံသန်းနေချိန်မှာ အခုလို မတော်တဆမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ထူးခြားတာကတော့ လေယာဉ်ဟာ လူနေရပ်ကွက်အနီး ကားတွေသွားလာနေတဲ့ လမ်းမကြီးပေါ်ကို ဒေါင်လိုက်နီးပါး အရှိန်ပြင်းပြင်းနဲ့ ထိုးဆင်းလာခဲ့ပြီး မြေပြင်ကို ထိမှန်ချိန်မှာ ပေါက်ကွဲမီးလောင်ခဲ့တာပါ။

ပျက်ကျတဲ့နေရာမှာ လမ်းမကြီး အက်ကွဲပျက်စီးပြီး ကြီးမားတဲ့ တွင်းတစ်ခု ဖြစ်ပေါ်ခဲ့သလို လေယာဉ်အပျက်အစီးတွေလည်း နေရာအနှံ့ ပြန့်ကျဲသွားခဲ့ပါတယ်။

အခင်းဖြစ်ပွားချိန်အတွင်း ကားတွေပေါ်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေမှာလည်း လေယာဉ်ဟာ ကောင်းကင်ပေါ်ကနေ ရုတ်တရက် ထိုးဆင်းလာပြီး မြေပြင်ကို ထိမှန်တာနဲ့ မီးလုံးကြီးတစ်ခု ဖြစ်ပေါ်လာတာကို တွေ့မြင်ရပါတယ်။

ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရွန်ဒီ ဆန်းတစ်ကတော့ ဒီပျက်ကျမှုဟာ ကောင်းကင်ကနေ ဒုံးကျည်တစ်စင်း ထိုးဆင်းလာသလိုပဲလို့ ပြောကြားခဲ့ပြီး မြေပြင်မှာ ထိခိုက်ဒဏ်ရာရသူ ဒါမှမဟုတ် သေဆုံးသူရှိကြောင်း ကနဦးသတင်းမရရှိထားဘူးလို့ ဆိုပါတယ်။

ဒီမတော်တဆမှုမှာ နောက်ထပ် စိတ်မကောင်းစရာကောင်းတဲ့ အချက်တစ်ခုကတော့ လေယာဉ်မပျက်ကျခင် လေယာဉ်မှူးနဲ့ လေကြောင်းထိန်းချုပ်ရေးဌာနတို့ အပြန်အလှန်ပြောဆိုခဲ့တဲ့ အသံဖိုင်ဖြစ်ပါတယ်။

အဲဒီအသံဖိုင်အရ လေယာဉ်မှူးဟာ ပျံသန်းနေစဉ် ရေခဲကပ်မှုနဲ့ လေထုမတည်ငြိမ်မှုတွေ ကြုံတွေ့နေရကြောင်း လေကြောင်းထိန်းချုပ်ရေးဌာနကို အကြောင်းကြားခဲ့ပါတယ်။

အဲဒီနောက် လေယာဉ်ဟာ အမြင့်ပေတွေ အလျင်အမြန် ဆုံးရှုံးလာခဲ့ပြီး တစ်မိနစ်ကို ပေ ၁၀,၀၀၀၊ နောက်ပိုင်းမှာ ပေ ၂၀,၀၀၀ အထိ ထိုးဆင်းလာခဲ့တာ ဖြစ်ပါတယ်။

အခြေအနေဆိုးရွားလာတာနဲ့ လေယာဉ်မှူးက အရေးပေါ်အကူအညီ တောင်းခံခဲ့ပြီး နောက်ဆုံးအချိန်မှာတော့ “ကျွန်တော်တို့ မြေပြင်ကို ပျက်ကျတော့မယ်” လို့ လေကြောင်းထိန်းချုပ်ရေးဌာနကို အကြောင်းကြားခဲ့ပါတယ်။

အဲဒီနောက်မှာပဲ လေယာဉ်ဟာ မြေပြင်ပေါ်ကို ထိုးဆင်းပျက်ကျခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ပို့ဆောင်ရေးဝန်ကြီး ရှောင် ဒက်ဖီက ဒီဖြစ်စဉ်ကို အလွန်ဝမ်းနည်းဖွယ်ကောင်းတဲ့ မတော်တဆမှုတစ်ခုဖြစ်ကြောင်းနဲ့ သေဆုံးသူ ၉ ဦးစလုံးရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ အမေရိကန် အမျိုးသားပို့ဆောင်ရေးလုံခြုံမှုဘုတ်အဖွဲ့ NTSB နဲ့ ဖက်ဒရယ်လေကြောင်းပျံသန်းမှု စီမံခန့်ခွဲရေးဌာန FAA တို့က ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။

လေယာဉ်မှူးက ရေခဲကပ်မှုနဲ့ လေထုမတည်ငြိမ်မှုတွေ ကြုံတွေ့ခဲ့ကြောင်း အကြောင်းကြားထားပေမဲ့ အဲဒီအခြေအနေတွေကြောင့်ပဲ လေယာဉ်ပျက်ကျခဲ့တာလားဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.