ဆိုးလ်၊ နိုဝင်ဘာ ၃
အင်တာနက် ငွေကြေး လုပ်ငန်းကြီး တစ်ခု ဖြစ်တဲ့ Binance ရဲ့ ကွန်ပျူတာ ကွန်ရက်ထဲ ချိုးဖောက်ဝင်ရောက်ပြီး အမေရိကန် ဒေါ်လာ ၆ ဘီလီယံ ခိုးယူမှု နောက်ကွယ်မှာ ပြုံယမ်းအစိုးရ ပါဝင်နေတယ်ဆိုတဲ့ အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို FBI ရဲ့ စွပ်စွဲချက်တွေကို မြောက်ကိုရီးယားက နိုဝင်ဘာ ၃ ရက်မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ သြဇာကြီးမားတဲ့ ညီမ ဖြစ်သူ ကင်ယိုဂျောင်က အဲဒီ စွပ်စွဲမှုတွေဟာ ပြင်းထန်တဲ့ နိုင်ငံရေးဆိုင်ရာ ရန်စမှုတွေ ဖြစ်တယ်လို့ ပြောပါတယ်။
နိုင်ငံပိုင် သတင်းဌာန KCNA က နိုဝင်ဘာ ၃ ရက်မှာ ဖော်ပြထားတဲ့ ကြေညာချက်မှာ ကင်ယိုဂျောင်က FBI ရဲ့ ပြောဆိုမှုဟာ မဖွယ်မရာ ပြောဆိုမှု ဖြစ်ပြီး အရင် စွပ်စွဲချက်တွေနဲ့ ဘာမှ ထူးမခြားနားဘူးလို့ တုံ့ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ်က Bybit ကုမ္ပဏီ ကွန်ပျူတာ ကွန်ရက် ကြီးကြီးမားမား ချိုးဖောက်ခံရမှု နောက်ကွယ်မှာ မြောက်ကိုရီးယား ပါဝင်ကြောင်း အမေရိကန်ရဲ့ အရင်က စွပ်စွဲချက်တွေကို သူက ထောက်ပြထားပါတယ်။
ကမ္ဘာရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေမှာ ဖြစ်ပွားတဲ့ ဆိုက်ဘာရာဇဝတ်မှု အားလုံး မြောက်ကိုရီးယားရဲ့ လက်ချက်လို့ နိုင်ငံတကာ လူထုက မြင်လာအောင် အမေရိကန် တလွဲ လုပ်ဆောင်နေတယ်လို့ ကင်က ပြောပါတယ်။
ကွန်ပျူတာ ကွန်ရက်ထဲ ချိုးဖောက်ဝင်ရောက်ပြီး ဒေါ်လာ အများအပြား ခိုးယူမှု နောက်ကွယ်မှာ TraderTraitor လို့ ခေါ်တဲ့ မြောက်ကိုရီးယား အစိုးရနဲ့ ဆက်စပ်နေတဲ့ ဟက်ကာ အဖွဲ့ ပါဝင်နေတယ်လို့ FBI က ပြောဆိုထားတာပါ။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီက Bybit ရဲ့ ကွန်ပျူတာ ကွန်ရက်ကို ချိုးဖောက်ဝင်ရောက်ပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ခိုးယူမှုအတွက်လည်း TraderTraitor အဖွဲ့ပဲ အပြစ်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီ အင်တာနက် ငွေကြေး ခိုးယူမှုဟာ Binance ဆီက ခိုးယူမှု မတိုင်ခင် အကြီးမားဆုံး ခိုးယူမှု ဖြစ်ပါတယ်။
အခုလို စွပ်စွဲတာက နိုင်ငံတကာမှာ မြောက်ကိုရီးယား ပုံရိပ်နဲ့ ထိခိုက်အောင်၊ ဂုဏ်သိက္ခာ လျော့ပါးအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းမှု ဖြစ်တယ်လို့ ကင်က ပြောပါတယ်။
မြောက်ကိုရီးယား အစိုးရက ဆိုက်ဘာ နယ်ပယ်မှာ မလိုမုန်းထား လုပ်ဆောင်တဲ့ လုပ်ရပ် အားလုံးကို ဆန့်ကျင်တဲ့ မူဝါဒ အမြဲ ကျင့်သုံးနေကြောင်းလည်း သူက ဖြည့်စွက် ပြောဆိုပါတယ်။
Binance ဟာ နေ့စဉ် ရောင်းဝယ်မှု ပမာဏအရ ကမ္ဘာ့ အကြီးမားဆုံး အင်တာနက် ငွေကြေး လဲလှယ်ရေးလုပ်ငန်း ဖြစ်ပါတယ်။
ကွန်ပျူတာ ကွန်ရက် ချိုးဖောက်ခံရတယ်ဆိုတဲ့ သတင်းကြောင့် အဓိကအကျဆုံး အင်တာနက် ငွေကြေး တန်ဖိုးတွေ လျော့ကျသွားခဲ့ပါတယ်။
FBI က သူတို့ရဲ့ ကြေညာချက်ကို အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က မြောက်ကိုရီးယား ပါဝင်ပတ်သက်မှု အပေါ် သံသယရှိသလို ပြောဆိုခဲ့ပါတယ်။
ထရန့် အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီး နောက်ပိုင်းမှာ သူက မြောက်ကိုရီးယားကို ချဉ်းကပ်ဖို့ ကမ်းလှမ်းတာတွေ အကြိမ်ကြိမ် လုပ်ထားပြီး ခေါင်းဆောင် ကင်ဂျုံအန်နဲ့ အခုနှစ်အတွင်း တွေ့ဆုံဖို့ သူ့အနေနဲ့ လမ်းဖွင့်ထားတယ်လို့ ပြောထားပါတယ်။
နောက်ဆုံး စွပ်စွဲချက်တွေဟာ မြောက်ကိုရီးယားအပေါ် ဝါရှင်တန်က ရန်လိုတဲ့ သဘောထားရှိကြောင်း တစ်ခါပြန် အတည်ပြုလိုက်တာ ဖြစ်တယ်လို့ ကင်ယိုဂျောင်က တုံ့ပြန်ထားပါတယ်၊
Ref:AFP

